Monday, November 26, 2012

စက်လှေ တစ်စီးနှင့် အတူ ၀င်ရောက်လာသော ဘင်္ဂလားဒေ့ခ်ျ ၄၇ ဦးကို မြန်မာက ပြန်မောင်းထုတ်

ထွန်းထွန်း

ရခိုင်ပြည်နယ် ကျောက်ဖြူမြို့နယ်သို့ မော်တော် စက်လှေ တစ်စီးဖြင့် ၀င်ရောက်လာသော ဘင်္ဂလား ဒေ့ခ်ျ နိုင်ငံသား ၄၇ ဦးကို မြန်မာ အာဏာပိုင်များက ပြန်လည် မောင်းထုတ်လိုက်သည်ဟု သိရသည်။

သူတို့ကို ကျောက်ဖြူမြို့ အနောက်ဘက် ၄မိုင်ခန့် ကွာဝေးသော ဂုံးချိန်ကျေးရွာ အုပ်စု စေပုတ်ကေရွာ ကမ်းခြေအနီးတွင် စစ်တပ်က ယမန်နေ့က ဖမ်းဆီးမိသည်ဟု ကျောက်ဖြူမြို့ခံ တဦးက နိရဉ္စရာသို့ ပြောသည်။

“မနေ့က ညနေပိုင်းမှာ ခလရ ၅၄၂ တပ်ရင်းက စေတီပုတ်ကေ ရွာကမ်းခြေအနီးမှာ သူတို့ကို ဖမ်းဆီးမိတာ ဖြစ်ပါတယ်။ စုစုပေါင်း ၄၇ယောက်ပါ။ ဖမ်းဆီး စစ်ဆေးပြီးတော့ ပင်လယ်ပြင်ထဲကို ပြန်မောင်းထုတ် လိုက်ပါတယ်” ဟုဆိုသည်။

ယခု ဖမ်းဆီးပြီး ပြန်လွှတ်ပေးလိုက်သော သူများမှာ ဘင်္ဂလားဒေ့ခ်ျ နိုင်ငံမှ မော်တော်ဘုတ် တစ်စီးဖြင့် မလေးရှားသို့ ခိုးသွားရာ စက်လှေ ပျက်ပြီး ကျောက်ဖြူကမ်းခြေသို့ ဆိုက်ကပ်လာဖြင်း ဖြစ်သည်ဟု ဆိုသည်။

“စစ်တပ်က စစ်ဆေးချက်အရ သိရတာက သူတို့မလေးရှားကို သွားတာဖြစ်တယ်။ စက်ပျက်ပြီးတော့ အဲဒီရွာ အနီး မှာဆိုက်ကပ်ရတာဖြစ်တယ်ဆိုပြီး သိရပါတယ်။ အစားအစာတွေလည်း မရှိတော့ဘူး။ စစ်တပ်က အစားအစာတွေ ကူညီလိုက်တယ်လို့တော့ သိရတယ်။ လူတွေကလူလတ် ပိုင်း တွေများတယ်လို့ သိရပါတယ်” ဟုဆက်ပြောသည်။

ရခိုင် ပင်လယ်ကမ်းခြေ တလျှောက်တွင် ရေတပ် သင်္ဘော အများအပြားကို တိုးချထားသော်လည်း ကျောက်ဖြူ ကမ်းခြေသို့ မော်တော် စက်လှေနှင့် အတူ ဘင်္ဂလားဒေ့ခ်ျနိုင်ငံသားများ ၀င်ရောက် လာသည်ကို ရေတပ်မှ မသိရှိလိုက်ဟု ဆိုသည်။

“ ဒီလူတွေက အကြမ်းဖက်လိုသူတွေ ဆိုရင် ဘယ်လို လုပ်မလဲ။ မြန်မာ ရေပြင်ပိုင်နက်ထဲကို ဒီလိုခိုးဝင်နေတာကို ဘာကြောင့် ရေတပ်က မကာကွယ်နိုင်တာလဲ။ ဒီလိုခိုးဝင်တာကို ရေတပ်က ဘာကြောင်းမသိ လိုက်ရတာလဲ။ တော်တော် သံသယဖြစ်စရာ ဖြစ်နေပါတယ်။ ပြည်သူတွေ အကြောင်းကြားတဲ့ အတွက် စစ်တပ်က လာဖမ်းဆီးတာ ဖြစ်တယ်။ အခုလို ဖြစ်နေမယ်ဆိုရင်တော့ တိုင်းပြည် လုံခြုံရေးက အထူး စိုးရိမ်စရာပါဘဲ” ဟု ဆိုသည်။

ယခုအခါ မလေးရှားကို ခိုးသွားနေကြသည့် ဘင်္ဂလာဒေခ်ျ့ နိုင်ငံသားများသည် မြန်မာနိုင်ငံကို ကြားခံ စခန်း အဖြစ် အသုံးပြုနေကြပြီး မြန်မာနိုင်ငံမှ တဆင့် ထိုင်း၊ မလေးရှား၊ အင်ဒိုနီးရှားသို့ လူပွဲစားများဖြင့် ဆက်လက် ထွက်ခွာနေကြသည်ဟု သိရသည်။

လွန်ခဲ့သော လအနည်းငယ်က ဂွမြို့တွင် ဖမ်းဆီးခဲ့သော မလေးရှားသွားသည့် လှေမှောင်ခိုးသမား ၁၀၀ နီးပါးကို ဦးဆောင်ခေါ်လာသူ ၄ ဦးခန့်မှာ မြိတ်ကျွန်းစုမှ ပသျှူး လူမျိုးများ ဖြစ်ကြောင်း သိရသည်။

၎င်းပြင် ဘင်္ဂလားဒေ့ခ်ျနိုင်ငံထုတ် သတင်းစာများတွင် ဘင်္ဂလာဒေခ်ျ့သို့ နယ်စပ် ဖြတ်ကျော် ခိုးဝင်လာသူ ( သူတို့ အခေါ် ရိုဟင်ဂျာ ဆိုသူများကို ) နေ့စဉ် ဆယ်ဂဏန်းနှင့် ချီ၍ မြန်မာ နိုင်ငံသို့ ပြန်ပို့နေကြောင်း သတင်းများ ရေးသား ဖေါ်ပြသော်လည်း ထိုလူများနှင့် ပတ်သက်ပြီး မြန်မာ အာဏာပိုင်များက မည်သို့ မည်ပုံ အရေးယူဆောင်ရွက်သည်ကို တစ်စုံတစ်ရာ ယနေ့တိုင် လူသိရှင်ကြား ထုတ်ဖေါ် ပြောကြားခြင်း မရှိသေးကြောင်း သိရသည်။

မြန်မာ-ဘင်္ဂလားဒေ့ရှ် နယ်စပ်ဖြတ်ခွင့် ပြန်ပေး

ငြိမ်းချမ်း

မြန်မာ-ဘင်္ဂလာဒေ့ရှ် နှစ်နိုင်ငံ နယ်စပ်တွင် မြန်မာဘက်က ၃ လကျော်ကြာ ပိတ်ထားခဲ့သော ၇ ရက် ပတ်စ်ပို့နှင့် တပတ်ခန့် ပိတ်ထား လိုက်သော တရက် ပတ်စ်ပို့တို့ဖြင့် နှစ်နိုင်ငံ ကူးသန်းသွားလာခွင့်များကို မြန်မာဘက်က ၂၄ ရက်နေ့တွင် ပြန်ဖွင့်ပေးလိုက်ကြောင်း သ တင်းရရှိသည်။

ဘင်္ဂလာဒေ့ရှ်နိုင်ငံ တာ့ခ်နာမြို့ရှိ နယ်ခြားစောင့်တပ်နှင့် နီးစပ်သူတဦးက “နှစ်နိုင်ငံ ကူးသန်းသွားလာ ခွင့်တွေကို မြန်မာဘက်က ပြန်ဖွင့်ပေးလိုက်တော့ မြန်မာ ကုန်သည်တွေလည်း လာတယ်။ ကျနော်တို့ ဘင်္ဂလားဒေ့ရှ်ဘက်က ကုန်သည်တွေလည်း မြန်မာဘက်ခြမ်း မောင်တောကို သွားနေကြပါပြီ။ နယ်စပ်ဖွင့်တာတော့ ဘယ်နေ့ ပြန်ဖွင့်မယ် ဆိုတာတော့ အကြောင်းကြားတယ်။ နယ်စပ်ကို ဘာကြောင့်ပိတ်တယ်၊ ဘာကြောင့်ဖွင့်တယ် ဆိုတာကို ကျနော်တို့ကို ဘာမှ ပြောတာမရှိဘူး” ဟု ပြောသည်။

နယ်စပ်ပြန်ဖွင့်သည့်အတွက် မောင်တောမြို့မှ ဘင်္ဂလားဒေ့ရှ် နိုင်ငံဘက်အခြမ်း တာ့ခ်နာမြို့သို့ စောင်၊ လုံချည်စသည့် ပစ္စည်းများတင်ကာ သွားလာနေပြီဖြစ်ကြောင်း တရက် ပတ်စ်ပို့သမားများကို သယ်ပို့ပေးသူ မြန်မာ စက်လှေသမားတဦးက ဆိုသည်။

နှစ်နိုင်ငံ ကူးသန်းသွားလာခွင့် ၇ ရက်ပတ်စ်ပို့နှင့် တရက်ပတ်စ်ပို့ လမ်းကြောင်းများကို ယခုနှစ် ဇွန်လ ၈ ရက်နေ့တွင် ရခိုင်ပြည်နယ်တွင်း ပရိပက္ခများကြောင့် မြန်မာဘက်ကပိတ်ခဲ့သည်။ သြဂတ်လ ၂၇ ရက်နေ့တွင် တရက်ပတ်စ်ပို့ကို ပြန်ဖွင့်ပေးသော်လည်း ၇ ရက်ပတ်စ်ပို့ကို ဆက်လက်ပိတ်ထားခဲ့သည်။ ယခုလ ၁၉ ရက်နေ့က တရက်ပတ်စ်ပို့ကိုပါ ထပ်မံပိတ်ခဲ့ပြီးနောက် ၁၆ ရက်နေ့တွင် ကူးသန်းသွားလာခွင့် ၂ မျိုးစလုံးကို ပြန်ဖွင့်ပေးလိုက်ခြင်း ဖြစ်သည်။

မြန်မာနှင့် ဘင်္ဂလာဒေ့ရှ် နှစ်နိုင်ငံအကြား တရားဝင် နယ်စပ်ဖြတ်ကျော် သွားလာနိုင်ရန် တရက်ပတ်စ်ပို့နှင့် ၇ ရက်ပတ်စ်ပို့ဟူ၍ ၂ မျိုးရှိပြီး မြန်မာနိုင်ငံဘက်သို့ သွားလိုသူ ဘင်္ဂလာဒေ့ရှ်နိုင်ငံသားများအနေဖြင့် တာ့ခ်နာမြို့ရှိ ရွှမ်းနားလီဘဏ်တွင် တရက်ပတ်စ်ပို့တွက် တာကာ ၅၀၀ နှင့် ၇ ရက်ပတ်စ်ပို့အတွက် တာကာ ၁၂၀၀ စီပေးသွင်းကာ ကူးသန်းသွားလာခွင့် ပတ်စ်ပို့စာအုပ် ရယူနိုင်သည်။

မြန်မာနိုင်ငံဘက်သို့ တခေါက်ဖြတ်သန်းလိုလျှင် တရက်ပတ်စ်ပို့ခအတွက် တာကာ ၁၀၀ စီနှင့် ၇ ရက်ပတ်စ်ပို့ခ တာကာ ၅၀၀ စီ ဆိပ်ကမ်းအာဏာပိုင်များကို ထပ်မံပေးသွင်းရကြောင်း၊ ဘင်္ဂလာဒေ့ရှ် နိုင်ငံသားများသည် မြန်မာဘက်သို့ ရောက်လျှင် မောင်တောမြို့တွင်းသာ သွားလာခွင့်ရှိကြောင်း သွားရောက်ခဲ့ဖူးသူ တာ့ခ်နာမြို့ခံ နူဒူဟူဆင်က ပြောသည်။

“ဘင်္ဂလာဒေ့ရှ်နိုင်ငံကနေ မြန်မာဘက်ကို တရားဝင်ပတ်စ်ပို့နဲ့ သွားတဲ့လူတွေ အနေနဲ့ မောင်တောမြို့ထဲ အတွင်းမှာပဲ သွားလို့ရတယ်။ တခြားမြို့တွေကို သွားမယ်ဆိုရင် မောင်တောကိုရောက်တဲ့ အခါက POE (Port of Exit) ဂိတ်မှာ ထပ်ပြီးခွင့်ပြုချက် တောင်းရတယ်။ စရဖတို့၊ နစကတို့က ခွင့်ပြုမှ မောင်တောမြို့အပြင်ကို သွားလို့ရတယ်” ဟု နူဒူ ဟူဆင်က ပြောသည်။

မြန်မာနိုင်ငံကနေ ဘင်္ဂလာဒေ့ရှ်နိုင်ငံကို တရားဝင်ပတ်စ်ပို့နဲ့ ကူးသန်းလိုသူတွေအနေနဲ့ တရက်ပတ်စ်ပို့တွက် ကျပ် ၆၀၀၀၊ ၇ ၇ရက်ပတ်စ်ပို့အတွက် ကျပ် ၃၀၀၀၀ ကုန်ကျပြီး တရက်ပတ်စ်ပို့ကို POE ဂိတ်ထဲမှာပဲ လုပ်လို့ရပြီး ၇ ရက်ပတ်စ်ပို့ လုပ်လိုသူများအနေဖြင့် မောင်တောမြို့ ကျီးကန်းပြင်ကျေးရွာ အခြေစိုက် နစကဌာနချုပ်တွင် သွားရောက်လုပ်ရကြောင်း မောင်တောမြို့ခံတဦးက ပြောသည်။

“တရက်ပတ်စ်ပို့သမားတွေက တယောက်ကို ကျပ် ၃၀၀ စီ အခွန်ဆောင်ရတယ်။ တပတ်သမားတွေကျတော့ ကျပ် ၅၀၀ စီ အခွန်ဆောင် ရပါတယ်။ တရက်သမားတွေကျတော့ တာ့ခ်နာမြို့ကနေ အပြင်ကို သွားလို့ မရဘူး။ သွားလို့လည်း အချိန်မမီဘူး” ဟု ယင်းမြို့ခံက ပြော သည်။

မုဒိမ်းကျင့်ရန်ကြိုးပမ်းမှုအား နစက စခန်းမှူးက ညှိနှိုင်းပေးတဲ့အတိုင်းလက်ခံမလားမေး၊ ကျေနပ်မှုမရှိ၍ ရဲစခန်းတွင် ဆက်လက်အမှုဖွင့်

စိုးမင်း

ရခိုင်ပြည် ဘူးသီးတောင်မြို့နယ် မြောက်ပိုင်းရှိ ဇမ္မဏီး ခမီးရွာတွင် နေထိုင်သည့် မယိုင်နုအား ကု လားများက မုဒိမ်းကျင့်ရန်ကြိုးပမ်းမှုအ ပေါ် ကျောင်းတောင်ကျေး ရွာရှိ စခန်း (၂၁) နစက စခန်း သို့ သွားရောက် တိုင်ကြားရာ နစက စခန်းမှူးက ညှိနှိုင်းပေးသည့်အတိုင်း လက်ခံမလား ဟု မေးမြန်းခြင်း အပေါ် ကျေနပ်မှုမရှိ၍ ဘူးသီးတောင်ရဲစခန်းတွင်အဆိုပါအမှုအားဆက်လက် အမှုဖွင့်ထားကြောင်း သိရှိ ရသည်။

မယဉ်နုမိခင်နှင့်အတူလိုက်ပါသွားခဲ့သော ပဲသဒူကျေးရွာနေ ဦးသာထွန်းအောင်က "ကုလားတွေ မု ဒိမ်းကျင့်ရန် ကြိုးပမ်းမှုကို နစက ရဲစ ခန်းမှာ သွားရောက်တိုင်ကြားပါတယ်။ စခန်းတာဝန်ခံက ဖြစ်စဉ်ကို မေးမြန်းပြီး နောက်နေ့တွင် ပြန် လာရန် ချိန်းခဲ့ပါတယ်။ နောက်နေ့ (၄-၁၁-၂၀၁၂)နေ့မှာ ချိန်းဆိုတဲ့အတိုင်း သွားရောက် ထွက်ဆိုခဲ့ပါတယ်။ နောက်နှစ်/သုံးရက်နေပြီး ပြန်လာရန် ချိန်း ဆိုပါတယ်၊ ချိန်းဆိုတဲ့ အတိုင်းသွားတော့ နစကစခန်းမှူးက သူတို့ ညှိနှိုင်းပေးတဲ့အတိုင်း လက်ခံ မလားလို့ မေးပါတယ်၊ အဲဒီတော့ မိခင်ဒေါ်ရွှေမက ဥပဒေအ တိုင်း ရှင်းပေးမယ်ဆိုရင် လိုက်နာ ပါမယ်လို့ ပြန်ပြောတယ်။ စခန်းမှူးက ဒေါသထွက်ပြီး ခုံကို တုတ်နဲ့ တစ်ချက်နှစ်ချက် ဒိုင်း၊ ဒိုင်းနဲ့ ရိုက် ပစ်လိုက်တယ်။ ထွက်သွားကြ ထွက်သွားကြ တိုင်ချင်ရာမှာ သွားတိုင်တော့လို့ပြောပြီး ပြန် ခိုင်းလိုက် ပါတယ်။" ဟု ပြန်လည်ပြောကြား သည်။

၃-၁၁-၂၀၁၂နေ့ ညနေ (၄းဝဝ)နာရီခန့်တွင် မိခင်ဖြစ်သူနှင့် တောင်ယာလုပ်ငန်းခွင်မှ ပြန်လာစဉ် တင်းမေကျေးရွာအုပ်စုနေ ဘင်္ဂလီကု လား တစ်စုက အဓမ္မပြုကျင့်ရန် အတင်းဆွဲခေါ်ယူခြင်းခံခဲ့ ရကြောင်း သိရသည်။

မိခင်ဖြစ်သူက "ကျွန်မကမောလာတာနဲ့ ရွာကိုမရောက်ခင် ချောင်းခွဆုံမှာ ခဏနားကြပါတယ်။ ရွာက လက်ယာဘက်ချောင်း အတိုင်း သွားရမှာပါ။ ခဏနားတုန်း သမီးကို လက်ဝဲဘက်ချောင်းကောက်မှာ သဗြုသီးခူးဖို့ ခိုင်းလိုက်ပါ တယ်။ သွားရမယ့် နေရာက နားတဲ့နေရာနဲ့ မလှမ်းမကမ်းမှာပါ။ သ မီးထွက်သွားပြီး ခဏနေတော့ ဝါးခုတ်ကုလားငါးယောက် လက်ဝဲ ဘက်ချောင်း ကို တက်သွားတာ တွေ့လိုက်ပါ တယ်။ သိပ်မကြာခင်ပဲ သမီး အော်သံကြားရလို့ လိုက်သွားတော့ သမီးထွက်ပြေးလာပါ တယ်၊ သမီးကိုမေးတဲ့အခါ ကုလားတွေ အတင်းဆွဲ ခေါ်လို့ ထွက်ပြေးလာတာလို့ ပြန်ပြော ပါတယ်" ဟု ဖြစ်စဉ်အား ရှင်းပြ သည်။

"ကျမ သဗြုသီးခူးနေတုန်း ကုလားတစ်ယောက်က လက်ကိုလာဆွဲပါတယ်။ နောက်တစ်ယောက်က ကျောဘက်ကနေဖက်ထားပြီး ပါးစပ်ကိုအတင်း ပိတ်ဖို့ ကြိုးစားပါတယ်။ ကျွန်မလည်း ကြောက်လို့ အတင်းရုန်းကန်ရင်း အမေ့ကိုအော် ခေါ်ပါတယ်၊ အမေလိုက်လာတာ သိ တော့မှ ကျွန်မကိုလွှတ် ပြီး ထွက်ပြေးသွားကြပါတယ်" ဟု မယဉ်နုက ဆက်လက်ပြော ကြား သည်။

ကျောင်းတောင်ကျေးရွာရှိ စခန်း (၂၁) နစက စခန်းတွင် တိုင်ကြား၍မရသဖြင့် ရဲစခန်းတွင် တိုင်ကြား ရန် ထွက်လာသော မယဉ်နုနှင့်ဖ ခင်အား တင်းမေကုလားရွာမှ ကုလားများက တားဆီးပြီး ရွာထဲသို့ခေါ် သွားကာ အမှုအားဆက်လက် တိုင်ကြားမှုမပြုလုပ်ရန် ကျေနပ် အောင်ရှင်းလင်းပေး မည်ပြော ဆိုကြောင်း သိရသည်။

ဖခင်ဖြစ်သူက "ကျနော်တို့ ကုလားရွာထဲကိုရောက်သွားတော့ ကုလားတွေပြောတာကို လိုက်လျော ခဲ့ရတယ်။ မလိုက်လျောဘူးဆိုရင် ကျ နော်တို့သားဖ အသက်အန္တရယ်ရှိနိုင်တယ်။ သူတု့နှင့် ကျေအေးကြောင်း လက်မှတ် ရေးထိုးခဲ့ရ တယ်၊ သမီးလည်း လက်ဗွေနှိပ်ခဲ့ရတယ်၊ ရွာကိုပြန်ရောက် တော့ ကုလားများပေးလိုက်တဲ့ ငွေခုနစ်သောင်း အနက် သုံးသောင်းကျပ်ကို ရွာလူကြီး တွေက ယူထားလိုက်ပြီး မယဉ်နု ကို ငွေလေးသောင်းကျပ် ပေးခဲ့တယ်ဟု" ယခုကဲ့သို့ ပြောကြားသည်။

ထို့နောက် အခြေအနေကို စောင့်ကြည့်ပြီး ပြဿနာမဖြစ်နိုင် လောက်သည့် အခြေအနေရောက်မှ ဘူးသီးတောင်မြို့ပေါ်သို့ လာရောက်ပြီး ရဲစခန်း တွင် တိုင်ကြားခြင်းဖြစ်ကြောင်း မိခင်ဖြစ်သူ ဒေါ်ရွှေမက ပြောပြပါသည်။

တိုင်ကြားရခြင်းနှင့်ပတ်သက်၍ "ငွေကို လိုချင်လို့မဟုတ်ပါဘူး၊ ဒီလိုမတရားခံရတာကို ကျေနပ် လိုက်ရင် ငွေနဲ့ဖြေရှင်းရင်ရတယ်ဆိုပြီး နောက်ထပ် ကျူးလွန်ဖို့ကြိုးစားကြမယ်။ ကျွန်မသမီး မဟုတ်လည်း နောက်ထပ် အမျိုးသမီးတွေကို ဒီလိုမျိုး ထပ်လုပ်ကြဦးမယ် ဒါကြောင့် တိုင်ဖို့ လာတာပါ။ အခု ကျွန်မယောက်ကျား လက်ခံယူလာတဲ့ ငွေလေးသောင်းကိုလည်း ကျွန်မတို့ လုံးဝမသုံးဘူး၊ ရဲစခန်းမှာ သက်သေခံ အဖြစ်တင်မယ်။ သူတို့ စာ ချုပ်မှာ ဘာပဲရေးထားထား မစိုးရိမ်ပါဘူး"ဟု မိခင်ဖြစ်သူ ဒေါ် ရွှေမက ရှင်းပြသည်။

ပြစ်မှုကျူးလွန်သူများမျာ တင်းမေကျေးရွာနေ အဒူလာ(ဘ)ဘာဆေး နှင့် အာယုပ်(ဘ)ရှာအာလောင် တို့ ဖြစ်ကြောင်းနှင့် အဆိုပါအမှု အား (၂၂-၁၁-၂၀၁၂)နေ့တွင် ဘူးသီးတောင်မြို့မရဲစခန်းမှ အမှုအမှတ် ပ/၁၆၂(၃၄၅)ဖြင့် လက်ခံထားရှိပြီး ခထီးလှရဲစခန်းမှူးအား အမှူ စစ်အရာရှိအဖြစ် တာဝန်ပေးအပ်ထား ကြောင်း သိရှိရသည်။

မယိုင်နုနှင့် မိခင်ဖြစ်သူတို့သည် ဘူးသီးတောင်မြို့ပေါ်သို့ အရဲစွန့် လာရောက်ခဲ့ခြင်းဖြစ်ပြီး ၎င်းတို့ နေထိုင်ရာ ဇမ္မဏီးကျေးရွာသည် ဘူး သီးတောင် မှ တစ်ညအိပ်ခရီး လမ်းလျှောက်သွားရသော ခမီးတိုင်းရင်းသား ကျေးရွာဖြစ်သည်။ ၎င်းရွာပတ်ဝန်းကျင်တွင် ကျောင်းတောင် အုပ်စုနှင့် တင်းမေ အုပ်စုတို့ရှိကာ ဘင်္ဂလီအိမ်ခြေ ထောင်ကျော်ရှိပြီး တိုင်းရင်းသား ကျေးရွာများမှာ အိမ်ခြေ ၁၀ အိမ်အောက်တွင်သာရှိ၍ ပြန့်ကျဲနေထိုင်လျှက် ရှိသည်။

ဦးအောင်မင်း၏ တရုတ် ကြောက်ရကြောင်း ပြောဆိုချက် ဝေဖန်ခံနေရ

သာလွန်ဇောင်းထက်

မြန်မာအစိုးရအနေဖြင့် အိမ်နီးချင်း တရုတ်နိုင်ငံအစိုးရကို ကြောက်နေရသည်ဟု သမ္မတရုံးဝန်ကြီး ဦးအောင်မင်းက ပြောဆိုလိုက်မှုအပေါ် လွှတ် တော်အမတ်များ၊ နိုင်ငံရေးပါတီများနှင့် ပညာရှင်များက နိုင်ငံဂုဏ်သိက္ခာ ကျဆင်းစေသော မှတ်ချက်အဖြစ် ဝေဖန်လိုက်ကြသည်။

စစ်ကိုင်းတိုင်း၊ မုံရွာခရိုင်၊ ဆားလင်းကြီးမြို့နယ်၊ လက်ပံတောင်းတောင် ကြေးနီစီမံကိန်းရပ်ဆိုင်းရန် ဆန္ဒပြနေကြသော ဒေသခံများနှင့်တွေ့ဆုံစဉ် သမ္မတရုံးဝန်ကြီး ဦးအောင်မင်းက ထိုသို့ပြောဆိုခြင်းဖြစ်ကြောင်း နိုဝင်ဘာလ ၂၃ ရက်နေ့ ဒီမိုကရက်တစ်မြန်မာ့အသံ (DVB) ၏ Citizen Journalist ရုပ်သံအစီအစဉ်တွင် ထုတ်လွှင့်သွားသည်။

ဝန်ကြီး ဦးအောင်မင်းက လက်ပံတောင်းတောင် ကြေးနီစီမံကိန်းသည် ယခင်အစိုးရလက်ထက်မှ စတင်ခဲ့ခြင်းဖြစ်ပြီး စီမံကိန်း ဖျက်သိမ်း မည်ဆိုပါ က လျှော်ကြေး ဒေါ်လာဘီလီယံချီ၍ ပေးရမည်ဖြစ်ကြောင်း၊ တရုတ်နိုင်ငံသည် မြန်မာနိုင်ငံအပေါ် ကျေးဇူးရှိပြီး မြစ်ဆုံစီမံကိန်း ရပ်ဆိုင်းထားမှု ကြောင့် မြန်မာနိုင်ငံကို တရုတ်နိုင်ငံက အတော်စိတ်ဆိုးနေပြီး မြန်မားအစိုးရသည် တရုတ်နိုင်ငံကို ကြောက်နေရကြောင်း ဦးအောင်မင်းက သံဃာ တော်များ အပါအ၀င် ဒေသခံများကို ပြောဆိုသွားသည်။

“တရုတ်ကိုလည်း တပည့်တော်တို့က ကြောက်ရတယ်ဘုရား။ နှစ်ချက်ရှိတာပေါ့။ ၁၉၈၈ ခုနှစ် တိုင်းပြည်ပျက်တဲ့အခါမှာ တပည့်တော်တို့ စားစရာမ ရှိဘူး။ စားစရာမရှိတဲ့အခါမှာ တရုတ်ဆီကနေ မူဆယ်လမ်းကြောင်းကနေ သွင်းရ တယ်။ သွင်းရတဲ့ အခါကျတော့ မူဆယ်လမ်း ကြောင်းက သွင်းလို့ တပည့်တော်တို့ အသက်ဆက်လို့ရတယ်။ အဲဒီကျေးဇူးလေးတော့ သူ့ကိုပြန်ပြီးတော့ကြည့်ရမယ်” ဟု ဦးအောင်မင်း က ဆိုသည်။

မြန်မာနိုင်ငံတွင် ဗမာပြည်ကွန်မြူနစ်ပါတီ (ဗကပ) ၏ ခြိမ်းခြောက်မှုရှိခဲ့ပြီး ယင်းအဖွဲ့ကို တရုတ်က ထောက်ပံ့ ပေးခဲ့ဖူးကြောင်း၊ တရုတ်အ ထောက် အပံ့ရပ်ဆိုင်းသွားမှသာလျှင် ဗမာပြည်ကွန်မြူနစ်ပါတီ ချုပ်ငြိမ်းသွားကြောင်း၊ တရုတ်နိုင်ငံအနေဖြင့် နယ်စပ်ဒေသတွင် ထောက် ပံ့ မှုများပြုလုပ်ပြီး မတည်ငြိမ်အောင် လုပ်ဆောင်နိုင်သဖြင့် တရုတ်နိုင်ငံက မြန်မာအပေါ် စိတ်ကွက်မည်ကိုစိုးရိမ်ကြောင်း၊ ရပ်ဆိုင်းလိုက် သည့် မြစ်ဆုံစီမံကိန်းအတွက် တရုတ်နိုင်ငံက တောင်းဆိုလာပါက ဒေါ်လာသုံးဘီလီယံခန့် လျှော်ကြေးပေးရမည်ဖြစ်ကြောင်း ၎င်းက ဆို သည်။

“တရုတ်နဲ့လည်း ရန်မဖြစ်ရဲဘူး။ တရုတ်နဲ့ စိတ်ဆိုးသွားလို့ရှိရင် အကယ်၍ တရုတ်က နယ်စပ်ဒေ တွေမှာ ဟိုကနေ ထောက်ပံ့၊ ဒီကနေ ထောက်ပံ့ လုပ်နေရင် စီးပွားရေးလုပ်ဖို့အတွက်ကို နောက်ကို ပြန်လှည့်ကြည့်နေရမယ်။ ဒါကြောင့်မို့လို့ အရင်တုန်းက လုပ်ခဲ့တဲ့ ဒီမြစ်ဆုံစီမံကိန်းတောင်တပည့် တော်တို့ကို တရုတ်အစိုးရက တော်တော်စိတ်ဆိုးနေပြီ” ဟု ဦး အောင်မင်းက ပြောဆိုသွားသည်။

သမ္မတရုံးဝန်ကြီး ဦးအောင်မင်း၏ ပြောဆိုမှုနှင့်ပတ်သက်ပြီး ပြည်တွင်းအသိုင်းအ၀ိုင်းက ၀န်ကြီးတပါးအနေဖြင့် နိုင်ငံ၏ ဂုဏ်သိက္ခာကျ ဆင်းအောင် လုပ်ဆောင်ခြင်းဖြစ်သည်ဟု ဝေဖန်လိုက်ကြသည်။

အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် (NLD) ၏ နာယကတဦးဖြစ်သူ ဦးတင်ဦးက ၀န်ကြီးဦးအောင်မင်း၏ ပြောဆိုချက်အပေါ် ဘ၀င်မကျဘဲ နိုင်ငံကို အုပ် ချုပ်နေသော အစိုးရ၀န်ကြီးတဦးအနေဖြင့် သိက္ခာကျလွန်းသော စကားကိုပြောဆိုမှု ဖြစ်သည့်အပြင် နိုင်ငံသူနိုင်ငံသားတို့၏ သိက္ခာကိုလည်း ထိ ခိုက် စေကြောင်း၊ ကြေးနီတောင်စီမံကိန်းသည် ပွင့်လင်းမြင်သာမှု မရှိခဲ့သော စီမံကိန်းဖြစ်ကြောင်း သုံးသပ်ပြောဆို သည်။

“နိုင်ငံကို အုပ်ချုပ်နေတဲ့ အစိုးရ၀န်ကြီး တယောက်အနေနဲ့ မပြောသင့်တဲ့ စကားကိုပြောတာပဲ။ သိ က္ခာ အရမ်းကျတယ်။ပြည်သူတွေရဲ့စိတ်ဓာတ် ကို ထိခိုက်စေတယ်။ သူလည်း အချုပ်အခြာအာဏာပိုင် နိုင်ငံ၊ ကိုယ့်နိုင်ငံလည်း အချုပ် အခြာအာဏာပိုင် နိုင်ငံ၊ ကမ္ဘာမှာ ငြိမ်းချမ်းစွာ အတူယှဉ်တွဲနေ ထိုင်ရေးတို့ ဘာတို့ရှိနေတာပဲ။ ကြေးနီတောင် စီမံကိန်းနဲ့ပတ်သက်လို့စာချုပ်ချုပ်တုန်းကလည်း ပွင့်ပွင့်လင်းလင်း မရှိခဲ့ဘူး။ ဒါတွေနဲ့ပတ်သက်လို့ မြင်သာထင်သာရှိရှိ ရှင်းပြ၊ ပြောပြရမယ်။ မရှင်းရဲဘူးဆိုရင် တိတ်တိတ်လေး ယူထားတာတွေရှိလို့လား၊ မပြောတတ်ဘူးလေ။ ဒေါ်အောင်ဆန်းစု ကြည်ကတော့ ဒီကိစ္စကို သွားလေ့လာဖို့ရှိတယ်” ဟု ဦးတင်ဦးက ပြောသည်။

အိမ်နီးချင်း တရုတ်နိုင်ငံနှင့် ဆက်ဆံရေးကောင်းမွန်စေရန် ကြိုးပမ်းရမည်ဖြစ်သော်လည်း ဆက်ဆံရေး ကောင်းမွန်စေရေး ဟုဆိုကာ နိုင်ငံကိုရောင်း စားရန် မလိုအပ်ကြောင်း၊ ဦးအောင်မင်း၏ ပြောဆိုမှုကို သဘောမတူကြောင်း၊ မြန်မာနိုင်ငံသည် တရုတ်နိုင်ငံထက် သေး ငယ်သော်လည်း စည်း လုံးညီညွတ်မှုရှိလျှင် မည်သည့်နိုင်ငံကြီးကိုမျှ ကြောက်ရန်မလိုအပ်ဟု ၈၈ မျိုးဆက် ကျောင်းသားခေါင်းဆောင် ကိုမြအေးက ဆိုသည်။

“ဆက်ဆံရေး မပျက်အောင်ဆိုပြီးတော့ နိုင်ငံကို သူများလက်ထဲအပ်မလား၊ ရောင်းစားရမလား။ ဆက်ဆံရေးလည်း မပျက်၊နိုင်ငံလည်းဂုဏ်သိက္ခာ မထိခိုက်အောင် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုတွေ စည်းကမ်းနဲ့ ခွင့်ပြုရမယ်။ တရုတ်ကို ကြောက်တယ်လို့ပြောတာ ဘ၀င်မကျဘူး။ ဘာလို့ကြောက်ရ မှာ လဲ။ ငယ်ပင်ငယ်သော်လည်း အားရှိတယ်။ ညီညွတ်ရင် အားရှိမယ်။ ဘာကြောက်စရာရှိမလဲ။ ဘယ်နိုင်ငံရဲ့ ခြိမ်းခြောက်မှုကိုမှ လက်မ ခံနိုင်ဘူး” ဟု ကိုမြအေးက ဧရာဝတီသို့ ပြောသည်။

စစ်တပ် ကျောထောက်နောက်ခံ စီးပွားရေးအဖွဲ့အစည်းဖြစ်သည့် မြန်မာ့စီးပွားရေးဦးပိုင် လီမိတက်နှင့် တရုတ်ဝမ်ပေါင် ကုမ္ပဏီတို့က ဆောင်ရွက် လျက်ရှိသော လက်ပံတောင်းတောင် ကြေးနီစီမံကိန်းနယ်မြေ၌ လယ်ယာမြေ အသိမ်းခံထားရသည့် ဒေသခံပြည်သူများ၊ ရဟန်းသံ ဃာများ၊ လူ ထုအခြေပြု အဖွဲ့အစည်းများမှ အင်အား ၁၀၀၀ ကျော်ကလည်း သပိတ်စခန်း ၅ ခုအထိ တိုးမြှင့်ကာ ကြေးနီစီမံ ကိန်း ဖျက်သိမ်းရေး၊ ၀မ်ပေါင်ကု မ္ပဏီ ထွက်သွားရေး၊ ဦးပိုင်ကုမ္ပဏီ ဖျက်သိမ်းရေး ဆန္ဒပြနေကြသည်။

လွှတ်တော် ကိုယ်စားလှယ်များကလည်း လက်ပံတောင်းတောင် ဒေသခံများကို ပြောဆိုခဲ့သော ၀န်ကြီး ဦးအောင်မင်း၏ စကားများအပေါ် အထူး စိတ်ပျက်မိသည်ဟု ထုတ်ဖော်ပြောဆိုကြသည်။

အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဦးဖုန်းမြင့်အောင်က သမ္မတရုံးဝန်ကြီး ဦးအောင်မင်း ရာထူးမှ နုတ်ထွက်သင့်သည်ဟု ပြောသည်။

“၀န်ကြီးတယောက်အနေနဲ့ စကားပြောရင်တော့ သံတမန်ဆန်ဆန် ပြောတတ်ရမယ်။ တရုတ်ကို ကြောက်နေရပါတယ် ဆိုပြီး ပြောလိုက်တာက နိုင် ငံကို ဦးဆောင်နေတဲ့ ၀န်ကြီးတယောက်အနေနဲ့ မပြောသင့်ဘူးလို့ မြင်တယ်။ ပြော ချင်တာက ဦးဆောင်တဲ့သူဆိုတာ ရှေ့က မားမားမတ်မတ် ရပ် တည်ရတာလေ။ ၀န်ကြီးကို ကြောက်ရင်၊ သတ္တိမကောင်းရင် မလုပ်နဲ့၊ ကိုယ့်အိမ်ကိုယ့်ရာလေးမှာပဲ အေးအေးလူလူ အနားပြန်ယူပါလို့ပဲ ပြောချင် တယ်” ဟု ဦးဖုန်းမြင့်အောင်က ဆိုသည်။

လွှတ်တော် ကိုယ်စားလှယ်များဖြစ်ကြသည့် ရှမ်းတိုင်းရင်းသားများ ဒီမိုကရက်တစ်ပါတီမှ ဦးရဲထွန်း၊ ရခိုင်တိုင်းရင်းသားများ တိုးတက်ရေး ပါတီ ဥက္ကဋ္ဌ ဒေါက်တာ အေးမောင်၊ တသီးပုဂ္ဂလ လွှတ်တော်အမတ် ဦးကြည်မြင့် (လသာ) တို့ကလည်း ဦးအောင်မင်း၏ စကားများအ ပေါ် သဘောမတူဟု ပြော ဆိုကြသည်။

“တရုတ်အစိုးရက အရင် စစ်အစိုးရဟောင်းအပေါ်မှာ ကူညီခဲ့တယ်ဆိုတာကလည်း အသားလိုလို့ အရိုးပေးတာပါ။ အစိုးရအဖွဲ့ဝင် ဝန်ကြီး တပါးက အဲလိုပြောတော့ သူများကြိုးဆွဲရာ ကနေရတဲ့သဘော သက်ရောက်သွားတယ်။ အဲလိုမ ပြောဘဲ ဒေသလူထုအတွက် ဖြစ်သင့်ဖြစ် ထိုက်တာတွေ ဘာတွေ လုပ်ပေးရမလဲဆိုတာပဲ ဆွေးနွေးသင့်တယ်” ဟု သီပေါမြို့နယ် လွှတ်တော်ကိုယ်စားလှယ်လည်းဖြစ်သူ ဦးရဲ ထွန်းက ပြောသည်။

စီးပွားရေးပညာရှင်တဦးဖြစ်သူ ရန်ကုန်အဝေးသင်တက္ကသိုလ် အငြိမ်းစားပါမောက္ခ ဒေါက်တာမောင်မောင်စိုးကမူ ဗိုလ်ချုပ်ဟောင်း ဦး အောင်မင်း၏ အဆင်အခြင်မဲ့သော စကားများကြောင့် အစိုးရသွားနေသည့် ဒီမိုကရေစီလမ်းကြောင်း သွေဖည်မည်ကို စိုးရိမ်သည်ဟု ဆို သည်။

“အစိုးရအနေနဲ့ တရုတ်ကို ကြောက်ရမယ့် အကြောင်းအရင်းက ဘာတွေလဲ။ သူတို့ကိုယ်တိုင်ပဲ သိမှာပေါ့။ တကယ်တော့ ဒီနိုင်ငံအနေနဲ့ နိုင်ငံရေး ချိန်ခွင်လျှာ ညှိတတ်ရင်၊ ကစားတတ်ရင် အများကြီး အကျိုးဖြစ်ထွန်းတယ်။ မြန်မာဆို တာ ကိုယ့်ထီးကိုယ်နန်းနဲ့ နေလာခဲ့တာပဲ။ ကြောက်တယ် လို့တော့ မသုံးသင့်ဘူး။ ထုတ်လည်း မပြောသင့်ဘူး။ ၀န်ကြီးတွေ နိုင်ငံရေးသ မားပီသဖို့ လိုတယ်” ဟု ဒေါက်တာ မောင် မောင်စိုးက ပြောသည်။

လက်ပံတောင်းတောင် ကြေးနီ စီမံကိန်းသည် မြန်မာနိုင်ငံတွင် အကြီးဆုံး ကြေးနီစီမံကိန်းတခုဖြစ်ပြီး ယခင် စစ်အစိုးရလက်ထက်တွင် အမှတ် (၁) သတ္တုတွင်းဝန်ကြီးဌာနနှင့် ကနေဒါအခြေစိုက် အိုင်ဗင်ဟိုးကုမ္ပဏီ (Ivanhoe Mines) တို့ ပူးပေါင်းဖွဲ့စည်းထားသော မြန်မာ အိုင်ဗင်ဟိုးကြေးနီကုမ္ပ ဏီလီမိတက် (Myanmar Ivanhoe Copper Company Limited – MICCL) က လုပ်ကိုင်ခဲ့ခြင်း ဖြစ်သည်။

သံဖြူဇရပ်မြို့နယ်အတွင်း အမည်မသိသတ္ထုအပိုင်းအစ ကောင်း ကင်ယံမှကျဆင်းလာ

မင်းသုတ

အမျိုးအမည်မသိသတ္ထုအစိတ်အပိုင်းအချို့ မီးရှူးမီးပန်းကဲ့သို့ပေါက်ကွဲသံနှင်အတူ နိုဝင်ဘာ ၂၂ ရက်နေ့ နံနက်ပိုင်း၌ ကောင်းကင်ယံမှကျ ဆင်းလာသည့် ထူးဆန်း ဖြစ်ရပ်များ မွန်ပြည်နယ်၊ သံဖြူဇရပ်မြို့နယ်တွင် ဖြစ်ပေါ်ခဲ့ကြောင်း ဒေသခံများ ပြောကြားချက်အရ သိရသည်။

ထိုနေ့နံနက် ၆ နာရီဝန်းကျင်ခန့်တွင် ကောင်းကင်ယံမှ မီးရှူးမီးပန်းကဲ့သို့ပေါက် ကွဲသံနှင့်အတူ ကျဆင်းလာသော ၄င်အမျိုးအမည် မသိ သတ္ထုအစိတ်အပိုင်းအချို့ကို သံဖြူဇရပ်မြို့စစ်ဖက်လုံခြုံရေးအဖွဲ့ စရဖထံ အပ်နှံလိုက်ကြသည်။

သံဖြူဇရပ်မြို့နယ်၊ ပငကျေးရွာအုပ်ချုပ်ရေးမှူး ကိုဝင်းချိုက “မျက်မြင်တွေ့ရှိသူ ဦးပန်းက ကျနော့်ကို လာပြောပြတာတော့ မိုးချုန်းသံလိုလို၊ မီးပန်းဖောက်သံ လိုလို ကြားရပီး အဲဒီအပိုင်းအစကျလာတယ်တဲ့၊ ကျနော်က မြို့နယ်လုံခြုံရေး တွေကို အကြောင်းကြားလိုက်တယ်၊ စစ်ဆေးကြည့်တော့ သံကြွပ်နဲ့ခပ်ဆင်ဆင် ပဲ” ဟု ပြောသည်။

ယနေ့ထုတ် မြန်မာ့အလင်းသတင်းစာတွင် ၄င်းပငရွာမှရရှိခဲ့သော သတ္ထုထည်မှာ အရှည် ၂.၈ ပေ၊ လုံးပတ်(ဗျက်) ၈ လက်မရှိပြီး အလေး ချိန် ၄ ပေါင်ခန့်ရှိသည်ဟု ဖေါ်ပြထားသည်။

ပငကျေးရွာ၏တောင်ဖက် ၄ မိုင်(ကောင်းကင်မြေပုံ)ခန့်ဝေးကွာသည့် အံခဲရွာတွင် အလားတူအချိန်ခန့်၌ မိုးချုန်းသံ၊ မီးပန်းဖောက်သံကဲ့သို့အသံကို ရွာသားအချို့ကြားခဲ့ရသော်လည်း မြေပြင်၌မည်သည့်အရာမှ ရှာမတွေ့ခဲ့သေးပေ။


အလားတူ ပငရွာ၏အရှေ့ဖက် ၅ မိုင်(ကောင်းကင်မြေပုံ)ခန့်ဝေးကွာသော ဝဲက လိရွာအနီးတွင်လည်း လုံးပတ် ၄၃ လက်မ၊ အချင်း ၄၇ လက်မရှိ မီးခိုးရောင် သတ္ထုအလုံးကြီးတစ်လုံးကို ကျုံကန်ချောင်းတွင် လုံခြုံရေးအာဏာပိုင်တို့ ဆယ်ယူ ခဲ့သည်ဟု သတင်းစာတွင် ဆက် လက်ဖေါ်ပြထားသည်။

“သံဖြူဇရပ်အရှေ့တောင်ဖက် ကျုံခွန်၊ ဖားပြတို့မှာလည်း ဒီလိုအသံတွေကြားခဲ့ရ တယ်လို့ သတင်း တွေထွက်တယ်၊ ပထမထင်တာတော့ လေယာဉ်တစ်စီးစီးများ ကောင်းကင်မှာပေါက်ကွဲတဲ့ ဖြစ်ရပ်လားလို့တောင် ထင်မိတယ်၊ သက်ဆိုင် တဲ့ ကျေးရွာအာဏာပိုင်တွေက မနေ့ကတစ်နေ့လုံး စုံစမ်းနေရတာပဲ၊ အကြောင်း အ ရင်းကို လုံးဝမသိရသေးဘူး” ဟု သံဖြူဇ ရပ်မြို့နယ်ထွေအုပ်ရုံးစားရေးတစ်ဦးက ပြောသည်။

ယင်းဖြစ်ရပ်နှင့်ပတ်သက်၍ ဖြစ်စဉ်အမှန်ကိုသက်ဆိုင်ရာမှ ထုတ်ဖေါ်ရှင်းလင်းမ ပြုနိုင်သေးသည့်အချိန်တွင်သံဖြူဇရပ်သားများအနေဖြင့် အာကာသယာဉ်မှပစ္စည်း အစိတ်အပိုင်းများဟု ယူဆပြောဆိုနေကြကြောင်း မေးမြန်းချက်များအရ သိရသည်။

ရခိုင်ပါတီကို အာဏာပိုင်များ ခြိမ်းခြောက်

မောင်အေး

ရခိုင်ပြည်နယ် ပေါက်တောမြို့နယ်နှင့် ချင်းပြည်နယ် ပလက်ဝမြို့နယ်မှ ရခိုင် ဒီမိုကရေစီ အဖွဲ့ချုပ် ပါတီဝင် များကို အာဏာပိုင်များမှ လာရောက် ခြိမ်းခြောက်မှုများ ရှိနေကြောင်း သတင်းရရှိ သည်။

ပေါက်တောမြို့နယ်တွင် ခြိမ်းခြောက်ခံနေသည့် အကြောင်းကို ပေါက်တောမြို့နယ် ပါတီဥက္ကဌ ဦး မြတ်ထွန်းက ယခုကဲ့သို့ပြောသည်။

“ ရဲကလာပြီး ပါတီဝင်လျောက်ထားတဲ့လူ တွေနာမည်နဲ့ မှတ်ပုံတင်နံပါတ် ကိုက်ညီမှုမရှိဆိုပြီး ခ ဏ ခဏလာပြီးပြောနေတယ်။ မမှန်ကန် တဲ့ လူတွေပါလာရင် ပါတီကိုထိခိုက်နိုင်တယ်။ဖျက်သိမ်း ပစ်နိုင် တယ်ဆိုပြီး ခြိမ်းခြောက်နေတယ်။ ဘာမှ အရေးမကြီးတဲ့ ကိစ္စကို အရေး တကြီး လုပ်ပြီး သက်သက် ညစ်နေပါ တယ်” ဟု ပြောသည်။

ပေါက်တောမြို့နယ်တွင် ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ်ပါတီဝင် ၂၀၀ နီးပါးရှိသည်။ နောက်ထပ် သ၀င်ချောင်းကျေးရွာမှ ပါတီဝင်အဖြစ် ထပ်မံ လျှောက် လွှာတင်ထားသူ ၁၈ ဦးရှိရာ ထိုလူများကို အာဏာပိုင်များမှ လာရောက်စစ်ဆေး နေသည်ဟု ဦးမြတ်ထွန်းက ပြောသည်။

ယခုကဲ့သို့ အာဏာပိုင်များမှ ခြိမ်းခြောက်မှုများ ရှိနေသည်မှာ ဟုတ်မှန်ကြောင်း ရခိုင်ဒီမိုကရေစီ အဖွဲ့ ချုပ် ဒုဥက္ကဌ ဦးအေးကျော်က အ တည်ပြု ပြောကြားသည်။

“ ပေါက်တောနဲ့ ပလက်ဝက ပါတီဝင်တွေကို အာဏာပိုင်တွေက ခြိမ်းခြောက်နေတယ်လို့ ကျွန်တော် ဆီကို အကြောင်းကြားပါတယ်။ ဒီနေ့မနက် ကဘဲ ပေါက်တောဘက်က သတင်းပို့လာပါတယ်။ စစ် တွေနဲ့ တခြားမြို့နယ်တွေမှာ ပါတီဝင်တွေကို စစ်ဆေးတာတွေရှိပါ တယ်။ ပေါက်တောမှာ တော့ ပါတီ ၀င်နာမည်နဲ့ မှတ်ပုံတင်နံပါတ် ကွဲလွဲမှုတချို့ရှိတဲ့အတွက် လ၀ကနဲ့စသုံးလုံးက ပါတီကိုဖျက်သိမ်းပစ်မယ်ဆိုတာမျိုးတွေခြိမ်းခြောက် တယ်လို့ ကျွန်တော့်ကို သတင်းပို့တယ်။ ကျွန်တော်ကတော့ ဖျက် ရင် လည်း ဖျက်သိမ်းပါစေဆိုပြီး ပြော လိုက်တယ်” ဟု ဆိုသည်။

ပလက်ဝမြို့တွင် ပါတီစည်းရုံးရေး ခရီးစဉ်အတွက် ခွင့်ပြုချက်တင်ရာတွင်လည်း အာဏာပိုင်များနှင့် မြို့နယ် ပါတီ ခေါင်းဆောင် တချို့ အ ငြင်းပွား မှုများလည်း ရှိနေကြောင်း ဦးအေးကျော်က ပြောသည်။

“ ပလက်ဝမှာက ပါတီစည်းရုံးရေး ခရီးအတွက် ခွင့်ပြုချက် တစ်လတင်တဲ့အခါ ၁၀ ရက်ဘဲ ခွင့်ပြုချက် ပေးပါတယ်။ တခြားပါတီတွေဖြစ်ကြတဲ့ ကြံ့ဖွံ့တို့၊ NLD ပါတီ တို့ဆိုရင် တစ်လ တင်ရင် တစ်လ အပြည့်ပေးတယ်။ ဒီကိစ္စနဲ့ပတ်သတ် လို့ အာဏာပိုင်တွေနဲ့ ပါတီ ခေါင်း ဆောင်တွေ အကြားမှာ နည်းနည်း စကားများရတာတွေ ရှိတယ်လို့ ပလက်ဝမြို့နယ် ဥက္ကဌကလည်း ဒီနေ့ဘဲ ရုံးကိုရောက်လာပြီး ပြောပြတယ်” ဟု သူက ဆက်ပြောသည်။

ပါတီဥက္ကဌ ဦးအေးသာအောင်နှင့် ပါတီအတွင်းရေးမှူး ဦးမျိုးကျော်တို့ ဦးဆောင်သည့် အဖွဲ့မှာ ရခိုင်ပြည်နယ်အနှံ့ ပါတီစည်းရုံးရေး ခရီး ဆင်းနေ ကြပြီး ယနေ့ လေးတောင်ကျေးရွာတွင် ရောက်ရှိကာ မနက်ဖြန်တွင် စနဲနှင့် ကျောက်ဖြူမြို့သို့ သွားရောက်မည် ဖြစ်ကြောင်း သိရသည်။

ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ်သည် ၁၉၉၀ ခုရွေးကောက်ပွဲတွင် ရခိုင်ပြည်နယ်အတွင်း အမတ်နေရာ အများအပြားအနိုင်ရရှိခဲ့သော်လည်း နောက်ပိုင်း တွင် စစ်အစိုးရမှ ပါတီကိုဖျက်သိမ်းခဲ့သည်။

ရခိုင် ဒီမိုကရေစီအဖွဲ့ချုပ် (ALD) သည် ၂၀၁၂ ခုနှစ် ဧပြီလ ၂၆ ရက်နေ့တွင် နိုင်ငံရေးပါတီများ မှတ်ပုံတင် ခြင်း ဥပဒေပုဒ်မ ၅ အရ နိုင် ငံရေးပါတီ အဖြစ် မှတ်ပုံတင်ခွင့် ပြုရန် တင်ပြခဲ့ပြီး ၂၀၁၂ ခုနှစ် မေလ ၃၀ ရက်နေ့တွင် ကြေငြာချက်အမှတ် ၂၈/ ၂၀၁၂ ဖြင့် ပြည် ထောင်စုရွေးကောက်ပွဲ ကော်မရှင် အတွင်းရေးမှူး ဦးဝင်းကို လက်မှတ်ထိုးပြီး မှတ်ပုံတင် ခွင့်ပြုခဲ့သည်။

လယ်တီ ထီးတော်နှင့် စိန်ဖူးတော် ဦးအောင်မင်း လှူလို

ဟင်္သာနီ (မွန်မြေ)

စစ်ကိုင်းတိုင်း၊ ဆားလင်းကြီးမြို့နယ်၊ လက်ပံတောင်း ကြေးနီစံမံကိန်း ဧရိယာအတွင်းရှိ လယ်တီဆရာတော် ဘုရားကြီး၏ သိမ်မှထီး တော်နှင့် စိန် ဖူးတော်အား လှူဒါန်းလိုကြောင်း ဝန်ကြီး ဦးအောင်မင်း က သံဃာတော်များကို လျှောက်ထားလိုက်သည်။

သပိတ်စခန်း ခြောက်ခု အထိ ဖွင့်လှစ်ထားပြီး “လက်ပံတောင်း ကြေးနီစီမံကိန်း ရပ်ဆိုင်းရေး” အတွက် ဆန္ဒပြနေကြ သည့် ဒေသခံများအားနိုဝင် ဘာလ ၂၃ ရက်နေ့ ညနေ ၄ နာရီမှ ၆ နာရီ ကျော်ကျော်အထိ သမ္မတရုံး ဝန်ကြီး ဦးအောင်မင်း၊ စစ်ကိုင်းတိုင်း သတ္တုတွင်းဝန် ကြီး ဦးသိန်းထိုက်နှင့် National Economic and Social Advisory မှ ဦးလှမောင်ရွှေတို့ သွားရောက်၍ တွေ့ဆုံခဲ့စဉ် ထိုသို့ လျှောက်ထား ခဲ့ခြင်း ဖြစ်သည်။

“ဒေသခံတွေမှာလည်း သူတို့ဒေသခံရဲ့ လိုအပ်မှုကို ပြောပါတယ်။ သံဃာတော်တွေ ဘက်ကလည်း သံဃာတွေရဲ့ လိုအပ်မှုတွေကိုပြောတယ်။ ပံ့ပိုး ကူညီတဲ့ လူတွေကလည်း ပြောတယ်။ အဲဒါတွေ အားလုံးကို ဝန်ကြီး ဦးအောင်မင်းက မှတ် သားထားတယ်။ အဲဒီမှာရှိတဲ့ လယ်တီဆရာတော်ဘုရား ရဲ့ စိန်ဖူးတော်ဟာလည်း အနည်းငယ် ပျက်တယ်လို့ သံဃာတော်တွေဘက်က ပြောတယ်။ အဲဒါကို ဝန်ကြီးအနေနဲ့ သံဃာတော်တွေ လက်ခံ ရင် အဲဒီ ထီးတော်နဲ့ စိန်ဖူးတော်ကို လှူချင်ပါတယ်လို့ ပြောတယ်” ဟု ဦးလှမောင်ရွှေ က မဇ္ဈိမကို ပြောသည်။

ကြေးနီစီမံကိန်း ဖျက်သိမ်းရေးအတွက် သပိတ်စခန်း ဖွင့်၍ ဆန္ဒပြမှုမှာ ရှစ်ရက် ကြာပြီဖြစ်ပြီး နေ့ညမပြတ် သံဃာတော်နှင့် ဒေသခံ ပြည် သူများ အင် အား ၂,ဝဝဝ ကျော်ဖြင့် ဆန္ဒပြလျက် ရှိသည်။

၎င်းတို့အား သွားရောက် တွေ့ဆုံရခြင်းမှာလည်း အချက်အလက်များ စုဆောင်းနိုင်ရန် ဖြစ်သည်ဟုလည်း ဆိုသည်။

“ဝန်ကြီး ဦးအောင်မင်း ကတော့ သမ္မတရုံး ဝန်ကြီး အနေနဲ့ အဲဒီမှာ သက်ဆိုင်ရာ တိုင်းဒေသကြီး အစိုးရအဖွဲ့တွေကို ကူညီဖြေရှင်း ပေးနေ တယ်။ သူ့အနေနဲ့ကလည်း ထပ်ပြီးတော့ အချက်အလက်တွေ ရအောင်လို့ ဆိုတာမျိုး ဆင်းတွေ့ တာပါ” ဟု ဦးလှ မောင်ရွှေ က ဆက် ပြောသည်။

ထိုသို့ သပိတ် စခန်း ဖွင့်လှစ်၍ ဆန္ဒပြသူ များထဲတွင် သံဃာ တော်များ၊ ဒေသခံ ကျေးရွာသူ၊ ရွာသားများ၊ အကျိုးဆောင် ကွန်ယက်များ၊ လက်ပံ တောင်းတောင် အကျိုး စီးပွား ကာကွယ်ရေး ကော်မတီ၊ ဗကသ ကျောင်းသား များ ပါဝင်သည်။

“ဝန်ကြီး ဦးအောင်မင်း ကတော့ စီမံကိန်းနဲ့ ပတ်သက်ပြီးတော့ အခု သပိတ်စခန်းတွေတောင်းဆိုနေ တဲ့ဟာ သူ့အနေနဲ့ ချက်ခြင်း ဆောင်ရွက်ပေးလို့ မရပါဘူး။ နိုင်ငံတော် သမ္မတကို တင်ပြပေးမယ်လို့ ပြောတယ်။ ဒီဘက်က ဒေသခံတွေ ကတော့ လက်ပံတောင်း စီမံကိန်း လုံး ဝ မဖျက်သိမ်းသရွှေ့ သပိတ်စခန်းတွေကိုလည်း မဖျက်ဘူး။ ဒီစီမံကိန်း ဖျက်ပြီးမှပဲ အိမ်ပြန်မယ် ဆိုပြီး တပ်စွဲ ထားတယ်” ဟု ပင်မ သ ပိတ်စခန်းတွင် ရောက်ရှိ နေသည့် ဝိဇ္ဇာ/သိပ္ပံ တက္ကသိုလ် ကျောင်းသားများ ကွန်ယက်မှ တာဝန်ခံ ကိုသောင်းထိုက် က မဇ္ဈိမကို ပြော သည်။

သပိတ်စခန်းများကို ပုသိမ်-မုံရွာ ကားလမ်း မကြီးဘေး လက်ပံတောင်းတောင် တက်သည့် လမ်းတွင် ရှိပြီး ဆက်လက် ၍ မြန်မာ ဝမ်ပေါင် ကုမ္ပဏီ ရှေ့တွင် တခု၊ ကျုံပျော်ဘက်မှ လက်ပံတောင်းတောင်သို့ တက်သည့် နေရာတွင် တခု၊တောင်ပေါ်တွင် အလယ်ဂိတ် တခု၊ လယ် တီ ဆရာတော်ဘု ရားကြီး သီတင်းသုံးသည့် နေရာတွင် တခု၊ တောင်ပေါ် တွင် လုပ်ငန်းများ လည်ပတ်နေမှုကို လိုက်လံဟန့်တားသည့် အဖွဲ့မှ တခု ထားရှိသည်။

ပင်မ စခန်းတွင် ရှစ်ရက် တိုင်ဆန္ဒပြ မှုတွင် ပါဝင်ခဲ့သည့် ဒေသခံတဦးကလည်း “ဆန္ဒပြ သူတွေကို လှည့်လည်ပြီးဆေးဝါး ကူညီကုသပေး နေတဲ့ ဆ ရာဝန်တွေ ရှိပါတယ်။ ရိက္ခာ ကတော့ တသီး ပုဂ္ဂလ ကနေပြီးတော့ သံဃာတော်တွေ လာရောက် လှူဒါန်း ဆက်ကပ်တာ၊ လူ တွေကို ကျွေးတာ ရှိတယ်။ ဆန်၊ ဆီ၊ ရေ အဲလိုမျိုး ရိက္ခာတွေ လာလှူတဲ့ လူတွေ ရှိပါတယ်။ အာ ဏာပိုင်တွေဘက်က ဒီလို ရိက္ခာ ပို့တဲ့ ကားတွေကို တားမြစ်တာမျိုး ရှိပါတယ်။ အဲဒီအခါကျတော့ သံဃာတော်တွေက ပြောရတာမျိုးတို့ သူတို့ကိုယ်တိုင် လိုက်ပို့တာမျိုးတော့ ရှိပါတယ် ခင်ဗျ” ဟု ကိုတင်ဇော် က မဇ္ဈိမကို ပြောသည်။

လက်ပန်းတောင်းတောင် ကြေးနီ စီမံကိန်းသည် ယခင် နအဖ စစ်ကောင်စီလက်ထက် ကပင် ဦးပိုင်ကုမ္ပဏီ လီမီတက် (Myanmar Economic Holdings Ltd- MEHL) နှင့် တရုတ်နိုင်ငံ ဝမ်ပေါင် ကုမ္ပဏီတို့အကြား ချုပ်ဆိုခဲ့သည့် စီးပွားရေးစီမံကိန်းတခု ဖြစ်သည်။

၎င်းတို့သည် ထိုကြေးနီ စီမံကိန်းအတွက် ဒေသခံ လယ်သမားများ၏ လယ်ယာမြေ ဧက ၇,၈ဝဝ ကျော် သိမ်းပိုက် လိုက်သဖြင့် လယ်သ မားများ မ ကျေနပ်၍ ဇွန်လမှ စတင်ကာ ဆန္ဒပြပွဲများ၊ သပိတ် မှောက်ပွဲများ ဖြစ်ပွားနေခြင်းဖြစ်သည်။

သံသယ စိတ်ကြောင့် အကြမ်းဖက်မှုဖြစ်ပေါ်ကြောင်းပြော

ဇင်ကီး

ရခိုင်ပြည်တွင်းဖြစ်ပေါ်ခဲ့သော ဆူပူအကြမ်းဖက်မှုများသည် ရခိုင်တိုင်းရင်း သားများနှင့် ဘင်္ဂလီလူမျိုးများအကြား သံသယစိတ်များ ကြောင့် ဖြစ်ပေါ်ခဲ့ ရသည်ဟု ယူဆကြောင်း နယ်စပ်ရေးရာဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး သိန်း ဌေးက နိုဝင်ဘာလ ၂၁ ရက်နေ့ မြန်မာနိုင် ငံစက်မှု လုပ်ငန်းရှင်များအသင်း ချုပ်၌ ပြုလုပ်ခဲ့သော သတင်းစာရှင်းလင်းပွဲတွင် ပြောကြားခဲ့သည်။

"လူမျိုးနှစ်မျိုးရဲ့ အကြီးအကဲတွေကို ထိတွေ့ပြီး သူတို့ရဲ့ခံစားချက်တွေကို ကြိမ်ဖန်များစွာမေးပါတယ်၊ အ ဓိကကျတဲ့ အချက်ကတော့ တ ရားမ၀င်ခိုးဝင်လာတဲ့ ဘင်္ဂလီလူမျိုးများသည် နိုင်ငံသားဖြစ်သွားတာတော့၊ မှတ်ပုံတင်ရ သွားတာတော့ ရှိ ပါတယ်၊ ဘင်္ဂလီလူမျိုးတွေက လည်း တရားမ၀င်ခိုးဝင် လာတဲ့သူတွေ ရှိချင်ရှိပါမယ်၊ ဒါပေမယ့် သူတို့တွေကဘိုးဘွားဘီဘင်တွေ လက် ထက်က နေထိုင်ခဲ့တာ ဖြစ်ပါ တယ်၊ ဒီလို နေထိုင်ခဲ့တဲ့အပေါ်မှာလည်း အီစ္စလမ် ဘာသာဝင်ဖြစ်တဲ့သူတိုင်းကို ရခိုင်အမျိုးသားတွေအနေနဲ့ တရားမ၀င်ခိုးဝင်သူတွေလို့ဘဲ သံသယဖြစ်နေတဲ့အပေါ်မှာ ခံစားရပါတယ်၊ ဒီအပေါ်မှာ မစစ်ဆေးဘူးဆိုရင် နှစ်ဘက်စလုံးက သံသယ စိတ်ကြောင့် အန္တရာယ် ကြီးပါ တယ်၊ ဒီလို သံသယစိတ်ကြောင့်လည်း အခိုလိုအကြမ်းဖက်မှုတွေ ဖြစ်ပွားတယ်လို့ ယူဆတဲ့ အတွက် ကြောင့် စစ်ဆေးပါတယ်၊" ဟု ဦးသိန်း ဌေး က ပြောသည်။

နိုင်ငံသားဖြစ်မှု ဥပဒေတွင် တိုင်းရင်းသားများသည် ၎င်းတို့၏ မွေးရာပါအခွင့်အရေးအရ နိုင်ငံသားဖြစ်ခွင့်ရှိပြီး၊ မြန်မာနိုင်ငံအတွင်းနေထိုင် သူများ သည် ဥပဒေအရနိုင်ငံသားဖြစ်ခွင့်ရှိပြီး စစ်ဆေးမှုများ ပြုလုပ်ရာတွင် လက်ရှိမြန်မာနိုင်ငံအတွင်း ရောက်ရှိနေသည့် ဘင်္ဂလီများ သည် မူလကတည်း ကနေထိုင်သူများ ဖြစ်သလား၊ သို့တည်းမဟုတ် နောက်မှ တရားမ၀င် ခိုးဝင်လာသူဖြစ်သလား ဆိုသည့်အချက်အ ပေါ်တွင် စစ်ဆေးမည် ဖြစ်ပြီး ၁၉၈၂ ဥပဒေနှင့်အညီဆောင်ရွက်သွားမည်ဟု ဦးသိန်းဌေးပြောသည်။

အမေရိကန် သမ္မတ အနေဖြင့် မြန်မာနိုင်ငံသို့ အလယ်အပတ်ရောက်ရှိစဉ် ရိုဟင်ဂျာဟူသော စကားလုံးကို သုံးစွဲခဲ့သော်လည်း နယ်စပ် ရေး ရာဝန် ကြီးကရိုဟင်ဂျာဆိုသော အသုံးအနှုန်းသည် အင်မတန်မှ အငြင်းပွားစရာဖြစ်သည့်အသုံးအနှုန်း ဖြစ်ကြောင်း၊ မိမိတို့ပြည် ထောင်စု အစိုးရအနေနှင့် ပါ၊ ရှေးကအစိုးရအဆက်ဆက် အနေနှင့်ပါ ရိုဟင်ဂျာဆိုသည့် အခေါ်အဝေါ်ကို သော်လည်းကောင်း၊ တိုင်းရင်း သားဆိုသည့် အချက်ကို သော် လည်းကောင်း လက်ခံထားခြင်း မရှိကြောင်းစသည်ဖြင့် ဆက်လက် ပြောကြားခဲ့သည်။

ရခိုင်ပြည်နယ်တွင် ၂၀၁၂ ခုနှစ် ဇွန်လ ၈ ရက်နေ့မှစ၍ ဒေသခံရခိုင်တိုင်းရင်းသားများနှင့် ဘင်္ဂါလီများအကြား အကြမ်းဖက်မှုများကြောင့် လူသေဆုံး မှုများနှင့် နေအိမ်ပျက်စီးမှုများ ရှိခဲ့သည်။ အဆိုပါအကြမ်းဖက်မှုများ ဖြစ်ပွားပြီး ဇွန်လနှောင်းပိုင်းတွင် ဒေသအခြေအနေပြန် လည် တည်ငြိမ်စ ပြု လာခဲ့ပြီး အောက်တိုဘာလ ၂၁ ရက်နေ့၌ ဒေသခံရခိုင်တိုင်းရင်းသားများနှင့် ဘင်္ဂါလီများအကြား ပဋိပက္ခများပြန် လည် ဖြစ်ပွားခဲ့ရာ လူသေဆုံးမှု များနှင့် နေအိမ်အဆောက်အအုံများပျက်စီးမှုများ ရှိခဲ့သည်။

စစ်လက်ကျန် ဗုံးများ ရန်ကုန်တွင် ရှိနေဆဲ

ခင်မျိုးသွယ်

လူဦးရေ သန်း ၆ဝ ကျော် ရှိနေသည့် ရန်ကုန်မြို့တွင် စစ်လက်ကျန် ဗုံးများ ရှိနေဆဲဖြစ်ကြောင်း ဘူမိဗေဒပညာရှင်များနှင့် အသက် ၆ဝ အထက် ရန် ကုန် ဒေသခံများက ဆိုသည်။

“ဒုတိယ ကမ္ဘာစစ်အပြီး စစ်လက်ကျန် ဗုံးတွေကို ရန်ကုန်မြို့ရဲ့ နေရာအတော်များများမှာ ရှိနေပါ တယ်။ မကြာသေးခင်က စမ်းချောင်းမြို့ နယ်အ တွင်းမှာ ကလေးတယောက် မြေကြီးတူးရင်း စစ်ကျန်ဗုံးတလုံး တွေ့တဲ့ သတင်းတပုဒ် ဖတ်လိုက်ရတယ်” ဟု ရန်ကုန် တက္ကသိုလ်၊ ဘူမိဗေဒ ဌာနမှ ကျောင်းဆရာတဦးက ပြောသည်။

အလားတူ ၂ဝ၁၁ ခုနှစ်ကလည်း ကုမ္ပဏီကြီးတခုက ကမ်းနားလမ်းကို တိုးချဲ့ဖေါက်ရင်း ပန်းဆိုးတန်းလမ်း ဝန်းကျင် အရောက်တွင် စစ် လက်ကျန် ဗုံးတလုံး တွေ့ရှိခဲ့သည်။

ဒုတိယကမ္ဘာစစ်အတွင်းက စစ်လက်ကျန်ဗုံးများကို ရန်ကုန်မြို့ရှိ ယခင် ကပစ နေရာနှင့် အင်းလျားလိတ် ဝန်းကျင်တွင် လည်းကောင်း၊ မင်္ဂလာဒုံမြို့နယ် ယခင် ရော်ဘာခြံ - လျှပ်စစ်စက်ရုံနေရာ ဝန်းကျင်တွင် လည်းကောင်း ရှိနေသည်ဟု ဘူမိဗေဒပညာရှင် ဦးစိုးသိန်း က ဆိုသည်။

“၁၉၇၈ ဝန်းကျင်လောက်က လှိုင်မြို့နယ် မီးသတ်စခန်း အနောက်ဘက် စက်မှုဌာနပိုင် တိုက်တွေ ဆောက်ဖို့မြေကြီးတူးတုန်းက စစ်လက် ကျန်ဗုံး တွေ အများအပြား တွေ့ခဲ့ရတယ်။ တီအီးကားနဲ့ လေးငါးစီး တိုက်ထုတ်ခဲ့ ရတယ်။ လက် ထဲမှာ ကင်မရာ မရှိတော့ မှတ်တမ်းမတင် နိုင်ခဲ့ဘူး။ အဲ့ဒီ တုန်းက ကျနော်က တက္ကသိုလ်မှာ အလုပ်စဝင်ကာစပေါ့” ဟု ဒဂုံတ က္ကသိုလ် ဘူမိဗေဒဌာန အငြိမ်းစားပါမောက္ခ ဆရာကြီး ဦးစိုးသိန်း က ပြော သည်။

ဂျပန်ခေတ်က ဗုံးများကို မွန်ပြည်နယ်၊ မော်လမြိုင်မြို့နှင့် ကျိုက်မရောမြို့ကြားရှိ ရွာသစ်ရွာနှင့် မင်းရွာကြားရှိရော်ဘာတောထဲတွင် စက်ရုံတည်ကာ ထုတ်လုပ်ခဲ့ကြောင်း မှတ်တမ်းများအရ သိရသည်။

“ရွာသစ်ရွာနှင့် မင်းရွာကြား ရော်ဘာတောထဲမှာ စက်ရုံတည်ပြီး ဗုံးတွေ ထုတ်ခဲ့တယ်။ အဲဒီနေရာ က မော်လမြိုင်လေယာဉ်ကွင်းနဲ့လည်း နီးတယ်။ စက်ရုံက ထုတ်တဲ့ ဗုံးတွေကို လေယာဉ်ပေါ်တင်ပြီး မြန်မာပြည်အနှံ့ ဗုံးတွေ လိုက်ကြဲ တယ်။ ဗုံးတွေ ကောင်းမကောင်းလည်း အဲ့ ဒီနားမှာ စမ်းသပ် ဖောက်ခွဲသေးတယ်” ဟု မော်လမြိုင်ဇာတိ အသက် ၇ဝ ကျော် ဦးသာအောင် က ပြောသည်။

လွတ်လပ်ရေးရပြီးစအချိန်က ကျိုက်မရောကားလမ်းနံဘေးရှိ ရွာတရွာတွင် မိသားစု မီးလှုံရင်း မီးပုံအောက်မှ စစ်လက်ကျန် ဗုံးတလုံး ပေါက်ကွဲကာ မိသားစုတစုလုံး သေဆုံးခဲ့ရကြောင်း ကျိုက်မရော ဒေသခံများ၏ပြောပြချက်အရ သိရသည်။

“ရွာသစ်နဲ့ မင်းရွာကြားက ရော်ဘာတောထဲမှာ ဗုံးတွေ ခွဲထားတဲ့ ကျင်းအဟောင်းတွေ ရှိနေပါသေးတယ်” ဟု ဦးသာအောင် က ဆက် ပြောသည်။

အကယ်၍ ဗုံးများရှိနေသည့် မြေပြင်ပေါ်တွင် အပူပေးခြင်း မီးဖိုခြင်းများ ပြုလုပ်မိပါက မြေအောက်ရှိ ဗုံးများမှာမြေပြင်ပေါ်ရှိ အပူရှိန် ကြောင့် ပေါက် ကွဲမှု ဖြစ်ပွားနိုင်ကြောင်း ဘူမိဗေဒပညာရှင်များက သတိပေး ပြောကြား သည်။

ခုနှစ် ရက်ဗီဇာ၊ တစ်ရက် ဗီဇာဖြင့် နယ်စပ်မှ တဆင့် ဘင်္ဂလာသို့ သွားလာခွင့် မြန်မာ က ပြန်ခွင့်ပြု

မောင်အေး

မြန်မာနှင့် ဘင်္ဂလားဒေခ်ျ့ နိုင်ငံ အကြား တစ်လနီးပါးခန့် ပိတ်ထားခဲ့သော ခုနှစ်ရက်ဗီ ဇာဖြင့် သွားလာခွင့် နှင့် လွန်ခဲ့သော အပတ်က စတင်ပိတ်ခဲ့သော တစ်ရက် ဗီဇာဖြင့် သွား လာခွင့်ကို မြန်မာဘက်က ပြန်လည် ခွင့်ပြုလိုက်ပြီ ဖြစ်ကြောင်း သိရသည်။

မြန်မာနှင့် ဘင်္ဂလာဒေခ်ျ့ အကြားတွင် နယ်စပ်ကို ဖြတ်ကျော်ပြီး တရားဝင် နည်းလမ်း (၂) ခုဖြင့် သွားလာနိုင်ရာ ယင်းတို့မှာ ခုနှစ်ရက်ဗီ ဇာနှင့် တစ်ရက် ဗီဇာတို့ဖြင့် ဖြစ် သည်။ အဆိုပါ နည်းလမ်းဖြင့် သွားလာခွင့်ကို သက်ဆိုင်ရာ နိုင်ငံ နှစ်ခု၏ နယ်စပ် အာ ဏာပိုင်များက ခွင့် ပြုထားခဲ့သည်။

သို့သော် ဇွန်လ အတွင်း ပေါ်ပေါက်ခဲ့သော အရေးအခင်းကြောင့် နှစ်နိုင်ငံ အကြား ခရီး သွားလာခွင့် ကို မြန်မာဘက်က သုံးလခန့် ပိတ် ထားခဲ့ပြီး အခြေအနေ တည်ငြိမ်လာ သော စက်တင်္ဘာလတွင် ပြန်လည် ဖွင့်လှစ်ခဲ့သည်။ သို့သော် နောက်ထပ် တစ်ကြိမ် အောက်တိုဘာ လတွင် ဆူပူမူ ပြန်ဖြစ်ပွား လာ သဖြင့် နောက်ထပ် တစ်လနီးပါးခန့်က မြန်မာဘက်က ပြန်ပိတ်ခဲ့ သည်။

မောင်တောနှင့် တက်ကနက်မြို့အကြား နတ်မြစ်ကို မော်တော်ဘုတ်များဖြင့် ဖြတ်ကျော်ပြီး တရက် တာ ဗီဇာဖြင့် သွားလာခွင့်ကိုမူ ဆက်လက် ခွင့်ပြုထားခဲ့သည်။ သို့သော်လည်း နိုဝင်္ဘာလ ၆ ရက်နေ့က ဂျီးအီး တပ်သား သုံးဦးကို အ မည်မသိ လက်နက်ကိုင် တပ်ဖွဲ့ တစ်ခုက ဖမ်းဆီး ခေါ်ဆောင်သွားသဖြင့် နိုဝင်္ဘာလ ၁၉ ရက်နေ့က မြန်မာဘက်က ပိတ်ထားလိုက် ပြန် သည်။

ယမန်နေ့ နိုဝင်္ဘာလ ၂၄ ရက်နေ့က မြန်မာဘက်က နယ်စပ် ခရီးသွားလာခွင့် (၂) မျိုးစလုံးကို ပြန်လည် ခွင့်ပြုပေးခဲ့သည်။

တက်ကနက်မြို့ အခြေစိုက် နယ်ခြားစောင့်တပ် အမှတ် (၄၂) ဘီဂျီဘီ တပ်ရင်းမှူး ဂျာဟစ် ဟူစိန်က ယခုကဲ့သို့ နယ်စပ် ခရီးသွားလာခွင့် ကို ပြန်လည် ဖွင့်လှစ်လိုက်ခြင်းမှာ သူတို့ အနေဖြင့် မြန်မာဘက်သို့ အကြိမ်ကြိမ် တောင်းဆိုခဲ့သဖြင့် ယခုလို မြန်မာဘက်က ပြန်လည် ဖွင့်လှစ် ရန် သဘောတူညီခဲ့ခြင်း ဖြစ်သည်ဟု သတင်းထောက်များကို ပြောဆိုသည်။

မြန်မာဘက်မှ နေ့ချင်းပြန် နိုင်ငံကူး လက်မှတ်ဖြင့် ရောက်လာသည့် ကုန်သည်များ၏ အခြေအနေကို မေးကြည့်ရာ တက်ကနက်မြို့ ဒေသခံ တစ်ဦးက ယခုကဲ့သို့ပြောသည်။

“ မနေ့က နိုဝင်္ဘာလ ၂၄ ရက်နေ့မှာ စက်လှေနှစ်စီး ရခိုင်ဘက် မောင်တောက ရောက်ပါတယ်။ ရခိုင်အမျိုးသမီး ၁၀ ဦး ပါတယ်။ ဘင်္ဂလီက ၅၀ ခန့်ပါတယ်။ ဒီဘက် ကလည်း သွားပါတယ်။ ဒီဘက်က သွားတဲ့ စက်လှေမှာ အ၀တ်အထည်တွေ ပါသွားတဲ့အတွက် BGB က စပိဘုတ်နဲ့ လိုက်ပြီး ဖမ်းတာကိုလည်း မြင်လိုက်ရပါတယ်” ဟု ဆိုသည်။

အလားတူ ၇ ရက် နိုင်ငံကူးလက်မှတ်ဖြင့် မြန်မာဘက်မှ ယမန်နေ့စတင်ရောက်ရှိလာပြီဖြစ်ကြောင်းလည်း တက်ကနက် ကုန်သွယ်ရေး ဂိတ် တွင်အလုပ် လုပ်ကိုင်နေ သူတစ်ဦးက ပြောသည်။

“ မနေ့ ကတော့ မော်တော်ဘုတ်နဲ့ မြန်မာဘက်က အမျိုးသမီး ၄ ယောက်နဲ့ အမျိုးသား ၁၀ ဦးခန့်ရောက်တယ်။ ဒီဘက်ကတော့ မနေ့က သွား တာမရှိဘူး။ ဒီနေ့မှဘဲ ဒီဘက်က စသွားမယ်လို့ သိရပါတယ်။”

မြန်မာဘက်မှ ဖမ်းဆီးခံထားရသော တပ်သား ၃ ဦးကို ပြန်လည် မရရှိသေးသော်လည်း နယ်စပ်ကို မြန်မာဘက်က ပြန်လည် ဖွင့်လှစ်နိုင် ခြင်း မှာ နယ်စပ် ဖြတ်ကျော်သွားလာခွင့်ကို ပိတ်ပင်ထားသဖြင့် နယ်စပ်နေ ပြည်သူများ စီးပွားရေး အကျပ်ဆိုက်လာသလို နယ်ခြား စောင့်တပ်ဖွဲ့ဝင်များ၏ ပုံမှန် ၀င်ငွေများ ထိခိုက်လာနေမူကို ရှောင်ရှားလို၍ ဖြစ်နိုင်ကြောင်း ဒေသခံများက ပြောဆိုသည်။

ပုံစံခွက်

ဆူးခက်

ငယ်ငယ်တုန်းကဆိုလျှင် အမေက ကတော့ပုံစံ မုန့်လေးတွေ လုပ်ရောင်းလေ့ရှိသည်။ မေမေ့ကို မေးတော့ ဒါက ကတော့ပုံ ပုံစံခွက်လေး ပေါ့ သမီး ရယ်လို့ အမေက အပြုံးလေးဖြင့် ပြန်လည်ဖြေကြား ခဲ့သည်။လူမှန်းသိတက်စ အရွယ်ကတည်းက မေမေက ကိုကြီးကိုဘုရားပွဲ ရောက်တိုင်း တီရှပ် လှလှလေးနှင့် ဗုံရုပ် ကလေးတွေ ၀ယ်ပေးလေ့ရှိသည်။ ဖေဖေကတော့ ဘုရားပွဲ မှာရောင်းသော သေနပ်ရုပ်ကလေး တွေကို ကိုကို့အဖို့ဝယ် ပေး နေကြ။

အဲ့လိုဆိုရင် ဖေဖေနဲ့ မေမေက ဆူးအဖို့ဘာမှဝယ်မပေးဘူးလို့တော့ မထင်လိုက်ကြပါနဲ့။ မေမေ ဆူးအတွက်ဂါဝင်လှလှလေးတွေပြီး တော့ ဖေဖေ ကဆူးအတွက် ဘိုမရုပ်လေးတွေ ၀ယ်ပေးပါတယ်။ ဆူးတို့အိမ်မှာ ပစ်တိုင်းထောင်ရုပ်၊ ယမင်းရုပ်နဲ့ ဘိုမရုပ် လေးတွေဆို ရင် ဗီဒိုအပြည့်ပေါ့။ ပွဲဈေး တန်းတွေ ရောက်တိုင်းမှာ ဆူးက စစ်သားရုပ်နဲ့ ပြောက်ကျားဝတ်စုံလေး တစ်စုံ မေမေကို ပူဆာခဲ့ဖူးတယ်။

မေမေက သမီးလေးရယ် အိမ်မှာယမင်းရုပ်လှလှလေးတွေ ဂါဝန်လှလှလေးတွေရှိနေပါရက်နဲ့ ပြောက်ကျားဝတ်စုံတို့ စစ်သားရုပ်တို့ ဆို တာ မိန်းက လေးတွေနဲ့ မသင့်ပါဘူးလို့ ပြောခဲ့ဘူးတယ်။

အဲ့ဒီအချိန်တုန်းက မိန်းကလေးဆိုတာ လူ့လောကမှာ မိန်းကလေးနဲ့ ယောက်ျားလေးဆိုပြီး လူမျိုးနှစ်မျိုးအတွက် အ၀တ်အစားတွေ မတူ အောင် ထုတ်ထားပေးပါလား ဆိုတာကလွဲလို့ ဆူးဘာမှ မသိခဲ့ပါဘူး။

မြီးကောင်ပေါက်ဆယ်ကျော်သက် အရွယ် ရောက်လာတော့ လှပချင်တဲ့စိတ်တွေဝင်လာသလိုဘဲ ရယ်စရာတွေ့ရင် ငယ်ငယ်တုန်းက လို့ဘဲ ပေါ့ပေါ့ ပါးပါး အားပါ တရ ရယ်ပြစ်လိုက်တယ်။ ဒါကိုမေမေက အမြဲသတိပေး လေ့ရှိတယ်။ သမီးရယ် မိန်းကလေးဆိုတာ ရယ်စရာရှိ ရင် တောင် အပြုံးနဲ့တင် ကျေနပ်ရတယ်ဆိုပြီး “ပိုလ်းတန်ခို ယယွမ့်၊ ပိုလ်းတန်ယွမ့် ဟယ်ဟိုင်လိုင်” ရယ်စရာ ရှိရင် ပြုံးပါ၊ ပြုံစရာတွေ့ရင်တည်တည်လေးနေပါ ဆိုတဲ့ ရှမ်းစကားပုံတခုနဲ့ အမြဲနှိုင်းဆပြတယ်လေ။

ဆူးက ငယ်ငယ်လေးကတည်းက ဆိုးတယ်။ ကစားရင်တောင် ကိုကိုတို့ယောက်ျားလေး သူငယ်ချင်းတွေနဲ့ဘဲ ကစားချင်တာ။ သူတို့နဲ့က စားရတာ လွတ်လပ်တယ်။ ပေါပါးမှုရှိတယ်လို့ ဆူးကယုံကြည်တယ်လေ။ မြီးကောင်ပေါက်အရွယ်ရောက်တော့ မေမေက ကိုကိုတို့သူငယ် ချင်း တွေနဲ့ အတူ ပေးမကစားတော့ဘူးလေ။ ဆူးပျင်းနေရင် မေမေကရုပ်ပြကာတွန်းလေးတွေ ဖတ်ခိုင်းတယ်။

ပြီးတော့ ဆရာတော် ဦးဇောတိကရေးတဲ့ စာအုပ်လေးတွေ ဗဟုသုတရအောင်ဆိုပြီး အမြဲဖတ်ခိုင်းလေ့ရှိတယ်။ ဆရာတော်ရေးတဲ့စာအုပ် တွေ က ဆူးသိထားမှတ်မိသလောက်ပြောရရင် အမျိုးသမီးတွေနဲ့ ပတ်သက်တဲ့ အကြောင်းအရာတွေ အမျိုးသမီးနဲ့ အမျိုးသား ကွာခြား ပုံတွေရေးထား တာ မှတ်လား။ ပြီးတော့ဆူးက လွတ်လွတ်လပ်လပ်ဝတ်စားရတာကြိုက်တယ်။ ဒါကိုဖေဖေက သမီးရယ် ဘောင်းဘီရှည် တွေ တီရှပ်မ၀တ်ရဘူးလေ။ အဲ့ဒါယောက်ျားလေးဝတ်တွေတဲ့။ ဆူးကဒါတွေဘဲဝတ်ရတာ လွတ်လပ်တယ်လို့ပြောတော့ ဖေဖေက ဆူး ကိုရိုက်တယ်။

သမီးဝတ်ရမှာက စကပ်တွေလုံချည်တွေ အမျိုးသမီး အင်္ကျီတွေတဲ့။ လုံချည်ကိုဆူးက ခြေသလုံးတ၀က်လောက် ပေါ်အောင် ၀တ်တော့ မေမေက သမီးမိန်းကလေးဆိုတာ လုံချည်ကိုခြေမျက်စေ့တောင် ပေါ်အောင်မ၀တ်ရဘူးလို့ ဆူးကိုဆုံးမလေ့ရှိတယ်။

ဆူးတို့အိမ်က ၀ါးကြမ်းခင်းလေးပဲ ခင်းထားတာဆိုတော့ ခြေလှမ်းတလှမ်းလှမ်းတိုင်းမှာ ကြမ်းခင်းအသံက “ကလက်ပ်(လ်)၊ ကလက်ပ်(လ်)” ဆိုပြီး တကျွှက်ကျွှက် အသံမြည်တော့ မေမေကသမီးရယ် မိန်းကလေးဆိုတာ လှမ်းလျှောက်ရင် ခြေသံတိုးတိုးလေး ထားပြီး လျှောက်ရ တယ် တဲ့။

ပြီးတော့အိမ်မှုကိစ္စတွေကို အစစအရာရာ တက်မြောက်ထားမယ်။ ငရုပ်သီးထောင်းရင်တောင် အစေ့လေးတွေကို ညှက်နေအောင်ထောင်း မှ မိန်း ကလေးပီသတယ်လို့ ဆယ်ကျော်သက်အရွယ်တုန်းက မေမေပြောတာကို ဆူးခုထိမှတ်မိနေပါသေးတယ်။

ဆူး (၇) တန်းရောက်တော့ ကိုကိုက (၈) တန်းကျောင်းသားကြီးဖြစ်လို့။ ဆူးမှာ ဆူးထက် ငါးနှစ်လောက်ငယ်တဲ့ညီမလေးတစ်ယောက်ရှိ သေးတယ်။ ဆူး (၇) တန်းတက်တဲ့နှစ်မှာ မေမေအသဲအတန်ဖြစ်လို့ဆေးရုံ တင်လိုက်ရတယ်။ ဖေဖေကတော့ ဟိုးအဝေးကြီးမှာ ပိုက်ဆံ သွား ရှာတယ်။ ဟိုးအဝေးကြီးမှာဆိုတော့ ထိုင်းနိုင်ငံမှာ အလုပ်သွားလုပ်တာပေါ့။

စာမလာ သတင်းမကြားတာလည်း ၄ လလောက်ရှိလောက်ပါရဲ့။ နောက်ဆုံး ဦးပဇ္ဖင်းတပါးရဲ့ အကူအညီနဲ့ ဖေဖေ့ဆီက အဆက်အသွယ် ရ တယ်။ မေမေဆေးရုံတတ်နေရတယ် ဆိုတဲ့သတင်းကြားကြားခြင်း ဖေဖေ လည်း အမြန်ပြန်လာခဲ့တာပေါ့လေ။

ဖေ့ဖေ့ကိုဆက်သွယ်မရတဲ့အကြောင်းရင်းကတော့ လူကြုံမရှိတာရယ် အလုပ်အကိုင် အဆင်မပြေ တာ ရယ် ကြောင့်လို့ ဖေဖေပြန်ပြောပြမှ သိရတာပေါ့။ ဖေဖေကအိမ်စားဝတ်နေရေးအတွက် အလုပ် တဖက်နဲ့မို့ မေမေနဲ့ညီမလေးကို အနီးကပ်ပြုစုဖို့က လူလိုလာပြီလေ။ ကိုကြီးက ဒီတာဝန်ကို သူယူပါရစေလို့ပြောတော့ မေမေကသားကသားဦး၊ သားကြီးတဲ့။

သားကြီးလာလို့ အိမ်ထောင်ကျလာရင် သားရဲ့မိန်းမကို သားကဘဲဦးဆောင် ဦးရွက်ရမှာမို့ သားကျောင်းထွက်လို့ မဖြစ်ဘူးဆိုပြီး ဆူးကို ကျောင်း ကထုတ်ပြီး အိမ်မှုကိစ္စအ၀၀နဲ့ မေမေ့ကိုပြုဆုဖို့ ညီမလေးကိုထိန်းကြောင်းဖို့ တာဝန်တွေအားလုံးဟာ ဆူးလက်ထဲကိုရောက်လာ တာပေါ့။

ဒါပေမယ့် အကြွေးတွေက လည်ပင်းထိနှစ်နေလေတော့ ကိုကြီးလည်း (၈) တန်းအောင်ပြီးတာနဲ့ ကျောင်းဆက်တက်ဖို့က ဘယ်လိုမှ မ ဖြစ် နိုင်တော့ ဘူးလေ။ ညီမလေးကလည်းချူခြာ မေမေကလဲ ကျန်းမာရေးမကောင်း ဒီကြားထဲမှာ ဖေဖေကလည်း ပေါ်တာ ခနခန လိုက် ရသေး တယ်။

အခြေအနေအကြောင်း အမျိုးမျိုးကြောင့် ဆူး - နယ်စပ်ရွာလေးတရွာကို ဖေဖေနဲ့မေမေတို့မသိအောင် ခိုးထွက်လာခဲ့တယ်။ လူတွေက တော့ ဆူး ကိုသူပုန်တွေနဲ့လိုက်ပြေးသွားတယ်။ သူကသူပုန်လုပ်မှာတဲ့ လို့အမျိုးမျိုး ဝေဖန် ကြတာပေါ့။

တကယ်တန်းကျတော့ ဆူး - အိမ်အတွက်ဝင်ငွေလေး တဖက်တလှမ်းရအောင် တောဈေးတန်းမှာ ဈေးရောင်းရင်း ဘ၀ကိုရပ်တည် ခဲ့တာ ပါ။ တောဈေးတန်းမှာ ဈေးရောင်းရင်း သူတို့ပြောတဲ့ သူပုန်ဆိုတဲ့သူတွေနဲ့ ရင်းနှီးခဲ့တာပေါ့ အမှန်ပေါ့။ အဲ့ကနေ နိုင်ငံရေးဆိုတာ ဘာမှန်းမ သိ သေး တဲ့အချိန်မှာ စစ်ယူနီဖောင်းနဲ့ သေနပ်လွယ်ထားတဲ့ စစ်သားတွေ စစ်သမီးတွေကို တွေ့တော့ ဆူးအရမ်းကို အားကျမိတာနဲ့ မိဘ တွေမသိ အောင် သူတို့နောက်ကို တိတ်တိတ်ကလေးလိုက်ခဲ့တာပေါ့။

အဲဒီတုန်းက ဆူးအသက် ၁၃-၁၄ နှစ်လောက်ဘဲရှိသေးတယ်လေ။ ဆူးမိဘတွေ ပြောပြထားတာကတော့ ပြောက်ကြား ၀တ်စုံတွေ စစ် သေ နပ်တွေဆိုတာ ယောကျာင်္းလေးတွေနဲ့ ဆိုင်တဲ့ပစ္စည်းတဲ့။ ဒါပေမဲ့ခုတော့ ပြောက်ကြား စစ်ယူနီဖောင်းနဲ့ စစ်သေနပ်တွေကိုင်နေတဲ့ မိန်း မလေး တွေကို တွေ့တော့ဆူးအားကျမိတာပေါ့။

မိဘတွေက ဆူးကိုပြန်လိုက်ခေါ်ကြပေမယ့် ဆူးမသိ လိုက်ရပါဘူး။ သူပုန်စစ်ဗိုလ်တချို့က ဆူးကိုသ မီးလးလို သဘောထားကြတယ်။ အလို လိုက်ကြတယ်။ သူတို့တွေက ဆူးကိုသူတို့နဲ့တောထဲမှာ မနေဖို့ကျောင်းပြန်တက်ဖို့ အမျိုးမျိုး တိုက် တွန်းနေတဲ့ကြားက သူပုန်တွေကြားထဲမှာ နှစ်နှစ်လောက်တောထဲမှာ တောရိုင်းပန်း လေးတွေရယ် ပြီးတော့ ကျေးငှက်တွန်သံတွေ ကြား မှာ ဆူး ပျော်နေခဲ့မိတာပေါ့။

နောက်တော့ ဆူးကို ဒုက္ခသည်စခန်းတခုကို တခြားဒုက္ခသည်တွေနဲ့ ပို့ဆောင်ခဲ့တယ်။ ဆူးကို စခန်းထဲမှာရှိတဲ့ လူကြီးတွေက တခြားလူ တွေ ကလေးတွေထက်ပိုပြီး ဂရုစိုက်ကြတယ်။ ဒါလည်းသူတို့ အချိတ်ဆက်နဲ့ သူတို့ရှိခဲ့ကြတယ်ဆိုတာကို အရွယ်ရောက်လာမှ ဆူး သိ လိုက်ရ ပါတယ်။ ဆူးကိုမိဘမဲ့ဘော်ဒါဆောင် တခုမှာအပ်ပေးခဲ့ကြတယ်လေ။ အဲ့ဒီတုန်းကတော့ မိဘမဲ့ကလေးလို့ပြောရင် ဆူး အရမ်းဝမ်း နည်း တာ ပေါ့။


ကျောင်းပြန်တက်တော့ မေမေတို့နဲ့နေခဲ့တဲ့အချိန်တုန်းကလိုဘဲ လုံချည်ကို သေသပ်ချပ်ရပ်စွာ ခြေသလုံးမပေါ်အောင် ၀တ်လေ့ရှိ တယ် လေ။ ကျောင်းသူ/သားနဲ့ ကျောင်းဆရာ/မ တွေက ဆူးကို မိန်းမပီသတယ်ဆိုပြီး ချီးကျူးလို့မဆုံးပါဘူး။ သူတို့ကဆူးကို စံပြဆုချီးမြင့်ကြ တယ်။ ဆူး စိတ်ထဲမှာ ဘာမှမရှိပါဘူး။

မေမေပြောခဲ့တဲ့ မိန်းကလေးဆိုတာ ဆိုတဲ့အတွေးတွေဘဲရှိတာလေ။ အခန်းထဲကကျောင်းသူမ တွေရယ်စရာတွေ့ရင် လွတ်လွတ်လပ်လပ် ရယ် ကြတာကိုကြည့်ပြီး ဆူး ရှက်နေမိတာတော့ အမှန်ဘဲလေ။

ဘာလို့လဲဆိုတော့ အမေက ပြောဘူးတယ်မှတ်လား မိန်းကလေးဆိုတာ အဲသလိုမရယ်ရဘူးလို့။ ပြီးတော့အဲ့မှာရှိတဲ့ မိန်မလေးတွေက စ ကပ် တို (ဒူးလောက်ရှိသောစကပ်) လုံချည်ဆိုလဲ ခြေတလုံးတွေထင်းနေအောင် ပေါ်အောင်ဝတ်ပြီး လွတ်လွတ်လပ်လပ် သွားလာ လုပ် ရှားကြ တာလေ။

ဆူးမေမေဆိုရင် ဆူးကို အေစကပ်လိုအရှည်မျိုးတွေဘဲ ၀တ်ခွင့်ပြုထားတော့ ဆူး အကျင့် ဖြစ် နေပြီလေ။ ပြီးတော့ ငယ်ငယ်လေး တည်း က မညပ်ဘဲထားတဲ့ဆံပင်တွေဆိုရင် ခါးလယ်လောက်ရောက်နေပြီပေါ့။ ကျောင်းမှာဆိုရင် ဆူးကဆံပင် အရည်ဆုံး ဘဲလေ။ ကျောင်း တက် နေ ရင်း ဆူးကို စိန်ခေါ်မှုတခုပေးခဲ့တယ်။

ခပ်ရိုင်းရိုင်း ကျောင်းသားတယောက်က ဆူးကိုရည်းစားစကား ပြောတော့ဆူးကဒါတွေစိတ်မ၀င်စားဘူး လို့သူ့ကို အပြတ်ငြင်း လိုက်တော့ သူ ဘာပြောတယ်သိလား။ မင်း-ဘယ်တော့မှ (၁၀) တန်းအောင်မှာ မဟုတ်ဘူးတဲ့။

အဲဒီတုန်းက အဲ့ဒီအခြေအနေ နဲ့ဆိုရင် ဟုတ်တယ်ဆူး (၁၀) တန်း ကျောင်းကိုအောင်မှာမဟုတ်ဘူး။ သူတို့တွေက အင်္ဂလိပ်စာ အရမ်းကောင်း ကြတာလေ။ ၈ တန်းကျောင်းသူ၊သားဘ၀တည်းက အင်္ဂလိပ်စာ အင်္ဂလိပ်စကားဆိုရင် ကောင်း ကောင်းပြောဆိုနိုင်ကြပြီ။ ဆူးမှာ သူများတွေ ပြောနေကြတဲ့ I Love You ဆိုတဲ့ စာသားလေးကိုတောင် နားမလည်လို့။

တခြားသူတွေကို မေးတော့ ဆူး ရည်းစားစာအပေးခံရတဲ့အကြောင်း တကျောင်းလုံး သိသွားပြီး ဆူးရဲ့အရည်အချင်းလည်း ပ်ါကုန်တာ ပေါ့။ ဆူးဖြင့် ရှက်လိုက်တာ။ ရှက်စိတ်တွေရယ် မခံချင်စိတ်တွေပေါင်းပြီး ဆူး (၁၀) တန်းကျောင်းကို ဒုတိယဆုရပြီး အောင်မြင် ခဲ့တယ်။ နောက် ပညာတော်သင်ဆု တဆုကို ဆူး လျှောက်ခဲ့တယ်။

ဒါကဆူးဘ၀ရဲ့ပထမဆုံး ၀တ်စားဆင်ယင်မှုကိုပြောင်းပစ်လိုက်တာဘဲပေါ့။ ပညာတော်သင်ဆုရတော့ ဒေါ်လေးတယောက် ကပြောတယ်။ ဆံ ပင်တွေကို ညှပ်ပြစ်ရမယ်တဲ့။ ပြီးတော့ သူများတွေလိုမျိုး စကပ်လေးတွေ စတိုင်ဘောင်ဘီတွေဝတ်တက်အောင် သင်ပေးခဲ့တယ်။

ဆူးကို ပညာတော် သင်တဲ့ကျောင်းသားတွေကြားမှာ ခေတ်နောက်မကျစေချင်ဘူးတဲ့လေ။ ဟုတ်လဲဟုတ်တယ်။ ဆူးပညာတော်သင်သွား တော့ လူတွေကအရမ်းကိုခေတ်မှီလိုက်ကြတာ။ ၀တ်တာစားတာ နေတာထိုင်တာ အားလုံးအား လုံးပါဘဲ။ ဆူး တို့တော ကနဲ့များ ကွာပ။

ဖုန်း၊ အီးမေးလ်၊ အင်တာနက် ကွန်ပြူတာ ဓါတ်လှေကားတွေ ဆိုတာဆူးအတွက် တခြားကမ္ဘာတ ခုလို အသစ် တွေပေါ့။ ဆူးပညာတော်သင် ကနေပြန်ရောက်တော့ ဆူးဘ၀တ်စားဆင်ယင်မှု အရာရာအားလုံး ပြောင်းလဲကုန်ပြီလေ။

အမေဆင်ခဲ့တဲ့ အေစကပ်ရှည်ရှည်လေးတွေအစား စကပ်တိုလေးတွေနေရာယူပြီး အမေပေးခဲ့တဲ့ ဆံနွယ်ရှည်ရှည်တွေ အစားရစ်ခွေနေ တဲ့ ပုခုံးဝဲပျံဆံစတွေက နေရာယူလို့။

ပြီးတော့ပါးပြင်ပေါ်က သနပ်ခါးပဲကြား ပါးပါးလေးတွေအစား မိတ်ကပ်ပါးပါးလေး တွေကနေရာယူကုန်ပြီအမေ။ အွန်လှိုင်းတွေထိုင်ရင်း အွန် လှိုင်းပေါ်က ချစ်သူနဲ့ ဆူးအိမ်ထောင်ကျခဲ့တယ်။ ဆူးရဲ့အိမ်ထောင်ဖက်က မေမေပြာတဲ့မိန်းကလေးဆိုတာ ယောက်ျားလေးဆိုတာ ဆိုတဲ့ အမြင်တွေကိုရိုက်ချိုး ပြစ်ခဲ့တယ်။

မိန်းကလေးဆိုတာ ယောက်ျားလေးရဲ့ညာဖက်မှာ မအိပ်ရဘူးတို့ အိမ်မှုကိစ္စအ၀၀က မိန်းမလေး တာဝန်တို့ ဆိုတာတွေကို ဆူးရဲ့အမျိုး သားက ရိုက်ချိုးပြစ်ခဲ့တယ်။

အပြင်ဝင်ငွေရတဲ့အလုပ်တွေကို အတူတူလုပ်ကိုင်ခဲ့သလို အိမ်ထဲအလုပ်တွေကိုလည်း တယောက်တလှည့် ၀ိုင်းကူပြီး လုပ်ကိုင်ခဲ့ကြ တယ်။ အော်… တကယ်တန်းကြတော့ မိန်းကလေးတယောက် ယောက်ျားလေး တယောက်ရယ်လို့ အသိုင်းအ၀ိုင်းက သက်မှတ်ပေး လိုက် တဲ့ ပုံစံ တွေအတိုင်း ဆူး တို့ရဲ့မိဘတွေက သူတို့ရဲ့သား၊သမီးတွေကို ပုံသွင်းယူခဲ့ကြတာပါ။

ဆူး ညအိပ်ရာဝင်တော့ ပုခုံးပေါ်မှာ လက်တင်းရင်း သေချာစဉ်းစားကြည့်တယ်။ တကယ်တန်းကြတော့ လူတိုင်းဟာ သူတို့ကိုသူတို့ ရှေး ရိုး ဆန်တဲ့ပုံစံခွက်ကြီး ထဲကနေ ရုန်းထွက်ပြီး ခေတ်သစ်ထဲကိုရောက်အောင် ကြိုးစားနေကြပေမယ့် သူတို့ကိုယ်တိုင် သူတို့မသိတဲ့ ပုံစံ ခွက် တမျိုးထဲကို ရောက်နေကြတာပါလားလို့။

ကျောင်းဆရာ၊မ တယောက်ကိုကြည့်မလား အချိန်မှန်မှန်အိပ်ရာထ နေ့တိုင်းကျောင်းသွား ဖို့ပြင်၊ စာသင်၊ ကျောင်းသား၊ သူတွေကို ဆုံးမ၊ သင်ရိုးညွန်းတမ်းရေး၊ အိမ်ပြန် ချက်ပြုတ်စားသောက်၊ စာကြည့်(အနားယူ) အိပ်ယာဝင်။ နောက်တနေ့ ကော ဘာထူးလာလို့ဘာလိမ့်?။

ရုံးဝန်ထမ်းတယောက်ကိုကြည့်ဦးစို့ သူ့မှာကော အချိန်မှန်မှန်အိမ်ရာထ ရုံးသွားဖို့ပြင် ရုံးအလုပ်လုပ် အိမ်ပြန်။ စက်ရုံက အလုပ်သမားလား။ သူလဲ အချိန်မှန်မှန်အိပ်ယာထ ချက်ပြုတ် အလုပ်လုပ်ဖို့ပြင် အလုပ်သိမ်းတော့ အိမ်ပြန်။ နောက်နေ့ဖို့ပြင်ဆင်။ အိမ်ဖော်တစ်ယောက်လား။ အတူတူပါဘဲ လေ။

အားလုံးအားလုံးသော လူတွေဟာ မိဘတွေလူ့အသိုင်းအ၀ိုင်းက သက်မှတ်ထားတဲ့ ပုံစံခွက်ဆိုတဲ့ခွက်ကလေးထဲကနေ လွတ်မြောက်နေ ကြ ပေမဲ့လည်း သူတို့ကိုယ်တိုင် ပုံစံခွက်လေးထဲကို တဖြေးဖြေးနှစ်တထက်နှစ် နေကြတယ်ဆိုတာ သတိမထားမိကြပါဘူး။


အဲ့သလိုဘဲ ဆူးကိုယ်တိုင်လည်း မေမေပေးတဲ့ပုံစံခွက်ကလေးထဲကထွက်ပြီး အခြားပုံစံခွက်ထဲကို တနေ့ထက်တနေ့ နှစ်တထက်နှစ် လာ နေ မိတာကိုလည်း သတိမထားမိပါဘူး။

No comments: